ရိုးလူ
ရခိုင်ရိုးမ။              ။July 29, 2011

သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်၊ မြောက်ဦးမြို့ကို ဒေနိ မိုးထဖက်သား ၁၀ နာရီ ကျော်လောက်မှာ ဟယ်လီကော်ပတာ နှစ်စီးနန့် ရောက်ရှိလာပြီးကေ မြောင်ဦး လွှတ်တော် ကိုယ်စားလှယ်ကိုခေါ်ပနာ လောကမဉ္ဇူဘုရားနန့် ဌာပနာတိကို မယူဆောင်ဗျာလ်ဖြစ်တေ အကြောင်း ပြောလားခရေလို့ သိဟိရပါရေ။

မေလ ၃၀ ရက်နိက ရွှေဂူတောင် စေတီပြိုပျက်လားစော်နီရာကနိန် တူးဖော်ရရှိခရေ ရွှေ ၄-ပိဿာနန့် ၆၄-ကျပ်သားရှိရေ လောကမဉ္ဇူဘုရားနန့် ဌာပနာတိကို မြောက်ဦးမြို့ခံတိက နေပြည်တော် ရှိဟောင်း သုတေသနဌာနကို ယူမလားဖို့ရန် အတွက် ဇူလိုင်လ ၁၇-ရက်နိက ဒုတိယအကြိမ်  ကန့်ကွက်ခကတ်ပြီးရေနောက် သမ္မတကိုယ်တိုင် အဂုပိုင် ရောက်ရှိလာခြင်းဖြစ်ပါရေ။
သမ္မတ ဦးသိန်းစိန်နန့် လူကိုယ်တိုင်သွားရောက်တွိဆုံခွင့်ရခရေ မြောက်ဦးမြို့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းသာက အဂုပိုင်ပြောပြပါရေ။
“အခု ပြတိုက်မှာ ထားဖို့လိုလို နေပြည်တော်ကို ပင့်ဖို့လိုလို ဖြစ်နိန်ရေ ရှေးဟောင်းအမွီအနှစ် လောကမဉ္ဇူ ဘုရားနန့် ဌာပနာပစ္စည်းတိကို သူက ဇာပြောလေဆိုကေ ကျနော်ရို့ မယူပါဗျာလ်လတ်၊ အဂုလက်ဟိထားရှိရေ ရတနာ့မာန်အောင် ကျောင်းမှာရာ ထားလိုက်ပါဖိ ဆိုပြီးကို ကျွန်တော့်ကို တခါတည်းပြောခပါရေ” လို့ သူကဆိုပါရေ။
အယင်က ရှေးဟောင်းမြောက်ဦးမြို့တော်ကနိန် တူးဖော်လို့ရရေ  တန်ဖိုးရှိ ရှေးဟောင်း အမွေအနှစ်ပေါင်း အမြောက်အမြားကို အာဏာပိုင်တိက ယူဆောင်လားခကတ်ပြီးကေ တခုလေ့ ပြန်ရောက်လာခြင်းမရှိခပါ။
“ကောင်း ဝမ်းသာပါရေနန်းရာ။ အဂုပိုင် သတင်းကြားရစော်။ ကျနော်ရို့မှာ အယင့်အယင်ကပင် ကကောင်း တန်ဖိုးဟိရေ ရှီးဟောင်း အမွီအနှစ် တိ အများကြီး၊ အများကြီး ဆုံးရှုံးလားခရပါဗျာလ်။ ကျနော်ရို့ ရခိုင်ပြည်သူတိ မသိလိုက်ရပဲ ယူလားခကတ်တေ ပစ္စည်းပေါင်းလဲ မရီမတွက်နိုင် အောင်ပါ။
ဂုက ဒေလောကမဉ္ဇူဘုရားကို ကျနော်တို့ပိုင်ဆိုင်ခွင့်ရလိုက်ပါဗျာလ်။ ဒေလောက်နှစ်ပေါင်းအများကြီးအတွင်း အာဏာပိုင်တိကို ထိပ်တိုက်တွိပနာ ရလိုက်တေ ညီညွတ်မှုအောင်ပွဲပါ။
နောင်လဲ ဒေပိုင်ညီညွတ်နိန်ဖို့ဆိုကေ သူရို့ကောင်းလုပ်ဝံ့ဖို့ ယူဝံ့ဖို့မဟုတ်ပါဗျာလ်” ဆိုပနာ မြောက်ဦးမြို့ခံသား တယောက်ကလဲ ရခိုင်ရိုးမကို ပြောပြပါရေ။
အဂုခါ လောကမဉ္ဇူဘုရားရေ မြောက်ဦးမြို့ ရတနာ့မာန်အောင် ကျောင်းတိုက်အတွင်းမှာ ကိန်းဝပ်စံပယ်လို့ ရှိနိန်ပြီးကေ မိုးတွင်းကာလ အတွင်းမှာပင် စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပလက်ဝနန့် နယ်က ဘုရားဖူးတိလည်း လာရောက် ဖူးမျော်နိန်ကတ်တေလို့ သိရှိရပါရေ။
ယင်းလောကမဉ္ဇူဘုရားနန့် ဌာပနာတိကို သီးသန့် သိမ်ဆောက်လုပ်ပနာ ထားနိုင်ဖို့အတွက် ဒီဇိုင်း ဆွဲနိန်ဗျာလ် ဖြစ်တေလို့ သိရပြီးကေ ဘုရားသိမ် ဆာက်လုပ်ဖို့အတွက်လဲ အလှူငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင် ကောက်ခံ ရရှိထားဗျာလ်လို့ သိရပါရေ။
သမ္မတ ဦးသိန်းစိန် သူနန့်တတူပါလာရေ ဝန်ကြီးလေးငါးဦးနန့်တတူ ကျောက်တော်မြို့ ဇီးချောင်းဆည်ဖက်ကို ခရီး ဆက်ထွက်လားခကြောင်း နောက်ဆက်တွဲ သတင်းရ သိရပါရေ။

Source:rakhaingroma




မလေးရှားနိုင်ငံမှာ ကျင်းပခရေ စိတ်ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲမြင်ကွင်း (ဓါတ်ပုံ - ရခိုင်ရိုးမ)
မလေးရှားနိုင်ငံရှိ  မြန်မာ အလုပ်သမားတိအတွက် စိတ်ကျန်းမာရေးနန့်ပတ်သက်လို့ ဟောပြောပွဲတရပ်ကို မလေးရှားနိုင်ငံ ဆလမ်းဂေါပြည်နယ်၊ ဆုဘန်းမြို့နယ် SS 15မှာ ညကပြုလုပ်ခကြောင်းသိရပါရေ။
လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခက်အခဲတိကို ကူညီအထောက်အကူပြုရေအနီဖြင့် ARRC နန့် NGOတိက ကမကထပြုလုပ်ပနာ ကျင်းပခစွာဖြစ်ကြောင်း သိရပါရေ။

“မလေးရှားရောက် ရခိုင်ပြည်သူတိစွာ စိတ်ဖိစိးမှုတိ ရှိနီပြီးကေ အလုပ်ခွင်မှာ ရသင့်ရထိုက်တေ အခွင့်အရေးတိ၊  အလုပ်သမားနန့် အလုပ်ရှင် ပြဿနာ၊ လူကုန်ကူးမှုစရေ အဖြစ်ဆိုးတိကို ရှောင်ရှားနိုင်အောင် ရည်ရွယ်ချက်နန့် ဂုပိုင်လုပ်ရစွာ ဖြစ်ပါရေ”လို့ တာဝန်ရှိသူတစ်ယောက်က ရခိုင်ရိုးမကို ပြောပါရေ။

အဆိုပါ ဟောပြောပွဲသို့ ရခိုင်အပါအ၀င် မြန်မာလူငယ်နှစ်ဆယ်ကျော်တက်ရောက်ခပြီးကေ လူတစ်ယောက်ချင်းအလိုက် စိတ်နန့်ပတ်သက်တေ အမိန်းအဖြေတိကို စစ်ဆေးမှုတိ ပြုလုပ်ခကြောင်းသိရပါရေ။

“ကျနော်ရို့ကို လာရောက်ပနာ NGOက ကျန်းမာရေး အသိပီးစွာကို ကျေးဇူးတင်ပါရေ၊ စိတ်ဓာတ်နန့် ကျန်းမာရေးက လူ့ဘ၀မှာ ကောင်းအရေးကြီးရေအတွက် ဒေဂုပိုင်တက်ရောက်ရလို့ ကောင်းကျေးဇူးတင်ပါရေ”လို့ ဟောပြောပွဲသို့ တက်ရောက်လာရေ ရခိုင်လူငယ်တစ်ယောက်က ပြောပါရေ။

တက်ရောက်လာရေ အလုပ်သမားတိအတွက် ကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်၊ ဆက်သွယ်ဖို့ဖုန်းအပါအ၀င် ပို့စကတ်တိကိုလည်း ပီးခကြောင်း၊ မလေးရှားနိုင်ငံမှာ လက်ရှိ ခိုလှုံနိန်ထိုင်နိန်ရေ ဒုက္ခသည်တိကြားထဲမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတိ တိုးလာကြောင်း သိရပါရေ။

ဟောပြောပွဲမှာ NGOက ကျန်းမာရေးဆိုင်ရာ ဆရာဝန်တိလည်း ပါဝင်ပြီးကေ တက်ရောက်လာသူတိ၏ လက်ရှိကြုံတွိနိန်ရရေ ကျန်းမာရေ အခက်အခဲတိကို တင်ပြဆွေးနွေးပနာ လုပ်ထုံးလုပ်နည်းတိကိုလည်း စနစ်တကျ ရှင်းပြခကြောင်း သိရပါရေ။

လက်ရှိ အနီအထားအရ မလေးရှားနိုင်ငံအတွင်း မလေးရှားရဲက အလုပ်သမားတိနန့် ဒုက္ခသည်တိဘားက ဖေ့သာတိ ခြိမ်းခြောက်တောင်းယူမှုတိ ရှိနိန်ရေအတွက် စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုတိ လွမ်းမိုးမှုတိရှိလာကြောင်း သိရပါရေ။
Source:rakhaingroma

Faisal Cup နှင့်ပတ်သတ်၍ အစည်းအဝေးကို Harvest Training Centre မှ ဆရာ Francis နှင့်အဖွဲ့
ဒီနေ့ ၂ နာရီမှ ၃ နာရီခွဲထိ BRO ကျောင်းတွင် ကျင်းပခြဲ့ပီး ARRC (Puchong) ကျောင်းမှ ပညာရေးတာဝန်ခံ
ကိုကျော်သူ နှင့် ကျန်မာရေးမှူး မောင်သိန်းထွန်း တို့ တက်ရောက်ခဲ့ပါသည်။
အသေးစိပ်
မလေးရှားရှိ ဒုက္ခသည် ကျောင်းအားလုံးအား ဇုန် (၇)ခုအဖြစ် သတ်မှတ်ပြီး Football နှုင့် Netball စသော အားကစားနည်း နှစ်မျိုးကို HTC မှ ကျင်းပပေးမည်ဖြစ်ပါသည်။
နောက်ဆုံး Final Faisal Cup (ဗိုလ်လုပွဲ) ကို ဒီဇင်ဘာတွင် ကျင်းပသွားမည် ဖြစ်ပြီး အသက်အပိုင်း အခြားအဖြစ်   ၁၀နှစ် (၈၊၉၊၁၀) အောက် ၊၁၃နှစ်(၁၁၊၁၂၊၁၃)အောက်၊ ၁၆နှစ် (၁၄၊၁၅၊၁၆)အောက်
သတ်မှတ်ထားပါသည်။
 
အခွင့်အရေးတစ်ခုအနေဖြင့် Coaching Program ( နည်းပြအစီအစဉ်)ကို တစ်ကျောင်းမှ နှစ်ယောက် တက်ခွင့်ရပြီး စက်တင်ဘာလ (၅)ရက် တနင်္လာနေ့မှစ၍ - သောကြာနေ့အထိ ဆက်တိုက် (၂) ပတ်တိုင်တိုင် လေ့ကျင့် သင်ပေးမည် ဖြစ်ပါသည်။


UNHCR  နှင်လက်တွဲကာ ဖွင်လှစ်ထားသည့် Hartford Academy မှ ကျင်းပပြုလုပ်သော ကွန်ပျူတာစွမ်းရည်မြင့် ကွန်ပျူတာစာပေးပွဲ  BASIC IT SKILL ကို Arakan IT Point မှ သင်တန်း သား/သူ (၇)ယောက် ပါဝင်ဖြေဆိုရာတွင်၊ (၇)ယောက်လုံး Basic IT SKILL အဆင့်ကို
ထူးချွန်စွာ အောင်မြင်ပြီ (29.07.2011) နေ့တွင် ကွန်ပျူတာ စာမေးပွဲ အောင်လက်မှတ်အား Chinese Embassy Hall တွင်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ယခုလိုနိုင်ငံတကာ အသိမှတ်ပြု Hartford Academy တွင် ကွန်ပျူတာ စာမေးပွဲ ဖြေဆိုရန် စိတ်ပါဝင်စားသူများ Arakan IT Point သို့ လာရောက်စုံစမ်းနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါသည်။  

ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှ မေလ ၃၀ ရက်နေ့က တူးဖေါ် ရရှိခဲ့သော လောက မဉ္စူဘုရားနှင့် တခြား ဌာပနာများကို အာဏာပိုင်များက ဒုတိယ အကြိမ်မြောက် ယူဆောင်ရန် ကြိုးပမ်းမူမှာ ဒေသခံ ပြည်သူများ ဆန့်ကျင် ကန့်ကွက်မူကြောင့် မအောင်မြင်ဘဲ ဖြစ်သွားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနမှ ဒု ညွန်ကြား ရေးမှူး ဦးဆောင်သော အစိုးရ အရာရှိကြီးများ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် အဆိုပါ ဘုရားကို ယူဆောင်ရန် ဇူလိုင်လ ၁၇ ရက်နေ့က မြောက်ဦး ရတနာမာန်အောင် ကျောင်းတိုက်သို့ ရောက်ရှိလာပြီး မြို့ခံ လူကြီး ၅၀ ကို အစည်းအဝေး ခေါ်ယူကာ ဘုရားကို ယူဆောင်ရန် စီစဉ်နေစဉ် ဒေသခံ ပြည်သူများက ဆန့်ကျင်သဖြင့် အစီအစဉ်ကို လက်လျော့ကာ ပြန်သွားခဲ့သည်ဟု ဆန့်ကျင်ကန့်ကွက်ရာမှာ ပါဝင်သူ ဒေသခံ တစ်ဦးက ပြောသည်။

Lawkamazu-golden-Buddha
" မြောက်ဦးမြို့ရှိ ဌာနဆိုင်ရာ အရာရှိကြီးတွေ အကုန်လုံးကို သူတို့က ရတနာ မာန်အောင် ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့ပါတယ်။ ရဲတွေ မီးသတ်တွေလည်း ပါပါတယ်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက သမ္မတကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်ဆီက အမိန့်ပါလာတယ်။ ဒါကြောင့် လောမဉ္စူ ဘုရားနဲ့ တခြားဌာပနာတွေကို ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနကို လွဲပြောင်းပေးဖို့ မြို့ခံ လူကြီးတွေဆီကို ပြောပါတယ်။ ဒီသတင်းကို မြောက်ဦးမြို့သူ မြို့သားတွေ သိရှိသွားတော့ ဘုန်းကြီးကျောင်းကို လိုက်သွားပြီး ဘုရားကို မပေးနိုင်ကြောင်း ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ကြတဲ့ အတွက် နောက်မှ ဂေါပကနဲ့ ညှိုနိုင်းဆောင်ရွက်မယ်လို့ ပြောပြီး ပြန်သွားကြပါတယ်။"

ရှေးဟောင်း ယဉ်ကျေးမူ ဌာန ဒုလက်ထောက် ညွှန်ကြားရေးမှူး အငြိမ်းစား ဦးကျော်ထွန်းအောင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက အဆိုပါ ဘုရားနှင့် ဌာပနာများကို မြောက်ဦးမြို့တွင်သာ ထားရှိ ကိုးကွယ်သင့်ကြောင်း အဆိုပြု တင်ပြခဲ့ကြသည်ဟု သိရသည်။

" သူတို့ကတော့ ဒီဘုရားတွေကို တစ်နေ့ မဟုတ် တစ်နေ့ အားနဲ့ ယူမယ့် သဘော ရှိပါတယ်။ နေပြည်တော်ကို ယူဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့သူ မြို့သားတွေက ဘုရားကို ယူသွားမှာကို အထူးစိုးရိမ်နေပါတယ်။ ရတနာမာန်အောင် ဆရာတော်လည်း ဒီလ ၂၄ ရက်နေ့ ခရီးသွားရာကနေ မြောက်ဦးမြို့ကို ပြန်ရောက်တဲ့ အခါ စဉ်းစား ဆုံးဖြတ်ပီးတော့ ဘုရားကို လွဲပြောင်းပေးနိုင် မပေးနိုင်ကို အာဏာပိုင်တွေကို အကြောင်းပြန်မယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ယမန်နေ့က ဘုရားကို ယူဆောင်ရန် စီစဉ်နေစဉ် မြို့လုထူများ ၀ိုင်းအုံလာသဖြင့် အာဏာပိုင်များက လူစုခွဲကာ ဘုရားကို မယူဆောင်တော့ကြောင်း ပြောဆိုခဲ့သည်ဟု နောက်ထပ် လူငယ် တစ်ဦးကလည်း ပြောသည်။

" သူတို့ကတော့ ဘုရားတွေကို အရမ်းလိုချင်နေပါတယ်။ ဒါကြောင့် အခု တခါ လာပြီး ဘုရားတွေကို ယူဆောင်ဖို့ ဂေါပကတွေနဲ့ ညှိပြီး လုပ်တာ ဖြစ်ပါတယ်။ သူတို့က ပထမ တကြိမ် မအောင်မြင်တော့ အရှက်ရသွားပြီး ဒုတိယ တကြိမ် ယူဆောင်ဖို့ လုပ်တာ ဖြစ်ပါတယ်။ လူတွေက အချိန်မှီ ရောက်ရှိသွားပြီး ကန့်ကွက်တဲ့ အတွက် သူတို့ အစီအစဉ် ပျက်သွားတာ ဖြစ်ပါတယ်။ သူတို့က ဌာနဆိုင်ရာ အရာရှိကြီးတွေကို အကုန်ခေါ်လာပြီး ဆရာတော် ၅ ပါးကို ဆွမ်းကျွေးပြီး ယူဆောင်ဖို့ လုပ်တာ ဖြစ်ပါတယ်" ဟုသူက ပြောသည်။

မြောက်ဦးမြို့ လောကမဉ္စူ စေတီမှ တူးဖေါ်ရရှိခဲ့သော ဘုရား တပါးမှာ ဥာဏ်တော် ၁၂ လက်မခန့်ရှိပြီး အလေးချိန် ၄ ပိသာ ၆၄ ကျပ်သား ရှိပြီး အများက ရွှေဟု ပြောဆိုနေကြသော ဘုရားဆင်းထုတော်အား အာဏာပိုင်များက အထူးလိုချင် တက်မက်နေကြသည်ဟု သိရသည်။

" ဘုရားက ရွှေအစစ် မဟုတ်ဘူး။ ကြေးရောထားတဲ့ ဘုရား ဖြစ်ပေမယ့် အာဏာပိုင်တွေက လိုချင် နေကြပါတယ်။ အဲဒီ ဘုရားတွေကို ရှေးဟောင်း ဘုရားတွေ ဖြစ်တဲ့ အတွက် ရှေးဟောင်း .ယဉ်ကျေးမူ ဦးစီးဌာနကို လွဲပေးဖို့ အာဏာပိုင်တွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့သူ မြို့သားတွေကလည်း ရှေးဟောင်း .ယဉ်ကျေးမူ ဦးစီးဌာနကို လွဲပေးလိုက်ရင် ချက်ချင်းနေပြည်တော်ကို သူတို့ ယူဆောင် သွားမယ်။ အဲသလို ယူဆောင် သွားရင် မိမိတို့ လူမျိုးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အနုပညာ လက်ရာတွေ ပျောက်ပျက် ဆုံးရှုံးသွားမယ်။ ဒါကြောင့် မယူဆောင်ရအောင် ကန့်ကွက်ကြတာ ဖြစ်ပါတယ်" ဟု ရခိုင်ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အုပ်ချုပ်သူ အာဏာပိုင် အဆက်ဆက်သည် ရခိုင်မှ တူးဖေါ် ရရှိသော ရှေးဟောင်း ယဉ်ကျေးမူ လက်ရာများ တစ်ခုမကျန်ကို ဗမာပြည်သို့ ယူဆောင်သွားပြီး နောက်ပိုင်းတွင် ဖျောက်ဖျက်ပစ်လေ့ရှိကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ကလည်း ဘုရားပေါ် ဘုရားမှ ရရှိသော ရှေးဟောင်း ရခိုင် ရွှေဒင်္ဂါးပြား ၇၀ နှင့် ပတ္တမြား လက်စွပ်တကွင်းကို ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနမှ နေပြည်တော်သို့ စစ်ဆေးရန် ယူဆောင်သွားခဲ့ပြီး ယခုအချိန်ထိ မြောက်ဦးသို့ ပြန်မရောက်ဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ယခု လောကမဉ္စူ ဌာပနာတိုက်မှ တူးဖေါ် ရရှိသော ဌာပနာများလည်း အဖိုးအလွန်ထိုက်တန်ပြီး ရခိုင်တမျိုးသားလုံးပိုင် ဖိုးဖွား အမွေများ ဖြစ်သဖြင့် နေပြည်တော်သို့ ယူဆောင်ပြီး ဖျောက်ဖျက်ပစ်မည်ကို ရခိုင်ပြည်သူများ စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ဌာပနာများ ရရှိခဲ့သော လောကမဉ္ဇူ ဘုရားမှာ မြောက်ဦးမြို့ မြောက်ဘက် ၂ ဖာလုံလောက် အကွာ ရတနာပုံ စေတီအနီးမှ ရှေ့တောင်တန်း ဗောဓိရွှေဂူတွင် တည်ရှိသည်။ ရရှိခဲ့သော ဘုရားဆင်းထုတော်များမှာ ကြေးဆင်းထုတော်က ၂၃ ဆူ၊ ကျောက်ဆင်းထုတော် ၂ ဆူ၊ ရွှေဆင်းထုတော် ၁ ဆူ၊ နောက်ပြီး ဓာတ်တော် ဌာပနာစီး ဘုရားက ၂၀၀ ဆူ၊ ကြေးမန်တိုင်က ၂ ခု၊ ရွှေဖြင့် လုပ်ထားသော အရာ ၂ခု၊ စဥ့်က ၁ ခု၊ အုပ်ခွက် ဘုရားက တစ်ခု၊ စကျင်ကျောက်ဘုရား ၂ ဆူ၊ အဆိုပါ ဌာပနာထဲတွင် ရွှေဆင်းထုတော် တဆူက ရွှေ ၄ ပိဿနဲ့ ၆၄ ကျပ်သား၊ ရွှေဖြင့် လုပ်ထားသော ဓာတ်တော်ဂျုတ် (ဂြုတ်)များ၊ နောက်ပြီး ၁ ပေကျော်ကျော်ရှိတဲ့ ကြေးမှန်တိုက်များ၊ သမိုင်းတန်ဖိုးအားဖြင့် အဖိုးမဖြတ်နိုင် ဘုရားဆင်းထုတော် အမျိုးမျိုး၊ ကမ္ဘာကို ညွှန်းသော ဘုရားများ၊ အုပ်ခွက် ဘုရားများ၊ ကြေးဆင်းထု မုဒြာအမျိုးမျိုးဖြင့် ပါဝင်ကြောင်း သိရသည်။



Source: narinjara

မြန်မာအစိုးရ စစ်တပ်တွင်း ရှိနေသော ကလေးစစ်သားများနှင့် ပတ်သက်သည့် ပြဿနာ တိုင်ကြားမှုများမှာ ယခုနှစ်တွင် ပိုမိုတိုးမြင့်လာကြောင်း ရန်ကုန် အခြေစိုက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံး တာဝန်ခံက ပြောသည်။

A-child-soldier-wearing-a-Burmese-army-uniform
ကလေးစစ်သားတဦး (ဓာတ်ပုံ - Yuzo/Irrawaddy)
“ILO က ဆောင်ရွက်ဆဲ ကလေးစစ်သားများနှင့် ပတ်သက်သည့် အမှုအရေအတွက်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ အထိ စာရင်းအရ ၄၂၄ မှုရှိပြီး အာဏာပိုင်များထံသို့ ILO မှ ဆက်လက်တင်ပြထားသည့် အမှု ၃၂၆ မှုရှိကာ ILO ရုံးမှ စစ်ဆေးဆဲ အမှု ၇၅ မှု အပါအ၀င် ဖြေရှင်း၍ မပြီးပြတ်သေးသောအမှုစုစုပေါင်း ၂၄၂ မှု၊ ဖြေရှင်းပြီး မိဘရပ်ထံ ပြန် ရောက်ပြီး လွတ်မြောက်လာသော ကလေးစစ်သား စုစုပေါင်း ၁၇၂ ယောက် ရှိသည်” ဟု ILO နှင့် ဆက်သွယ် ဆောင်ရွက်သူများကွန်ရက်၏ ယခုနှစ် ဇူလိုင် စစ်တမ်းတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ ILO ရုံးမှ ကလေးစစ်သားအမှု စတင်ကိုယ်တွယ်ခွင့်ရခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တိုင်ကြားမှု ၁၃ မှု၊ ၂၀၀၈ ခုနှစ်တွင် ၃၁ မှု၊ ၂၀၀၉ ခုနှစ်တွင် ၈၁ မှုနှင့် ၂၀၁၀ ပြည့်နှစ်တွင် ၂၁၀ မှုအထိ ရှိလာကြောင်း တိုင်ကြားချက်များအရ သိရသည်။

“အခုနှစ် တိုင်ကြားမှုက အရင် ၃ နှစ်တိုင်ကြားမှုနဲ့ အရေအတွက်တူလာတာ သတိထားမိစရာ ဖြစ်တယ်။ ကျနော်တို့ ဆီက ပညာပေး စာစောင်တွေ ဖြန့်ဝေတာကြောင့်လည်း လူတွေက ဥပဒေအရ တိုင်ရမှန်းသိလာတာကြောင့်လည်း  ဖြစ်နိုင်တယ်” ဟု ILO ရန်ကုန်ရုံးခွဲ တာဝန်ခံ မစ္စတာ စတိဖ်မာရှယ် က ရှင်းပြသည်။

ကလေးစစ်သားကိစ္စ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေသည့် ကိစ္စများအတွက် စိုးရိမ်နေရဆဲ ဖြစ်ပြီး ကမ္ဘာ့ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်းကာ ပူးတွဲကော်မတီ တရပ်အနေဖြင့် အဆိုပါ ကိစ္စရပ်များ ပပျောက်ရေး အစီအစဉ်များကိုလည်း ဆွေးနွေးနေဆဲဖြစ်ကြောင်း သူက ဆိုသည်။

မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်ရေး၊ ကလေးစစ်သား စုဆောင်းမှုကိစ္စတို့နှင့် ပတ်သက်ပြီး စစ်ဘက် တာဝန်ရှိသူများ၏ လုပ်ဆောင်နေမှုများသည် စိုးရိမ်ဖွယ် အခြေအနေရှိနေကြောင်း ILO နှင့်ချိတ်ဆက် အကူအညီပေးနေသည့် ကွန်ယက်အဖွဲ့ဝင်များကလည်း ပြောသည်။

“အခုတိုင်စာတွေက ဒီလပိုင်းလေးအတွင်းမှာပဲ တော်တော်များလာတယ်။ အခု အရွယ်မရောက်သူ ကလေး စစ်သား စုဆောင်းမှု တိုင်ကြားထားတဲ့အထဲက ကျနော်ကူညီနေတဲ့ အမှုကိုပဲ ၁၀ မှုကျော် ရှိတယ်။ ဒီကာလမှာ သိသိသာသာ တိုးလာတယ်” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နေ ကလေးစစ်သား အရေး ဆောင်ရွက်ပေးသူ ဦးသက်ဝေက ဆိုသည်။ 

နအဖစစ်အစိုးရက အရွယ်မရောက်သေးသည့် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် စစ်ဘက်အရာရှိများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သား အဓမ္မစုဆောင်း ခံရမှုကြောင့် ILO ရုံးသို့ တိုင်ကြားမှုများမှာ တနှစ်ထက်တနှစ် မြင့်တက်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် သို့မဟုတ် ရဲဘက်စခန်းများတွင် စစ်ပြေးမှုဖြင့် ပြစ်ဒဏ်ကျနေသော ကလေး စစ်သားများကိစ္စ ILO သို့တိုင်တန်းလာသည့်အမှုမှာ ၂၀၁၁ ခုနှစ် ဇူလိုင်လအထိ ၁၂ မှုရှိပြီး ပြန်လည် လွတ်မြောက် လာသူ ၄ ဦး ရှိသည်။

ရဲဘက်စခန်းများနှင့် အကျဉ်းထောင်များအတွင်း ကလေးစစ်သားများ ဖမ်းဆီးထိမ်းသိမ်းထားမှု မည်မျှရှိသည်ကို တိကျစွာ သိရှိနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ILO အရာရှိများ ပူးပေါင်းကာ ၀င်ရောက် စစ်ဆေးမှသာ ခိုင်မာသည့် သတင်းအချက်အလက်များကို ခြေရာခံမိနိုင်မည် ဖြစ်ကြောင်း ကလေးစစ်သား အရေး ကူညီဆောင် ရွက်ပေးနေသည့် ကွန်ယက်အဖွဲ့ဝင်များက ထောက်ပြထားသည်။

ကလေးစစ်သား စုဆောင်းမှု မြင့်မားလာရခြင်းမှာ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား စစ်ရေးတင်းမာမှုများကြောင့် စစ်တပ်အောက်ခြေပိုင်းတွင် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကွန်ယက်အဖွဲ့ဝင် ကိုစိုးက ပြောသည်။

“တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတာတွေကြောင့် အခုဆို ကလေးစစ်သားတွေက တပ်က ထွက်ပြေးတာများလာ တယ်။ ဒီတော့ စစ်ပြေးမှုနဲ့ ထောင်ကျနေတာလည်း များလာတယ်” ဟု ၎င်းက ဆိုသည်။

ယခုဖြစ်ပွားနေသည့် ကချင်နှင့် ရှမ်း ပြည်နယ်ဒေသများတွင် စစ်ပွဲများဖြစ်ပွား လာသည့်အတွက် ကလေးစစ်သား စုဆောင်မှုတိုးမြင့်လာခြင်းရှိ၊ မရှိကို ဧရာဝတီက မစ္စတာ စတိဖ်မာရှယ်အား မေးမြန်းရာတွင် ၎င်းအနေဖြင့် အဆိုပါ သတင်းကို မကြားရသေးကြောင်း တုန့်ပြန်ဖြေကြားသည်။

ကလေးစစ်သား စုဆောင်းမှုနှင့်ပတ်သက်၍ ပွဲစားအဖြစ် လုပ်ကိုင်နေသူများမှာ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များ၊ စစ်တပ်နှင့်နီးစပ်သူများသာဖြစ်ကြောင်း၊ ယခုကာလ ပေါက်ဈေးမှာ ကလေးစစ်သားတဦး အတွက် ကျပ် ၅ သောင်း မှ ၇ သောင်းထိ ရှိကြောင်း ကလေးစစ်သားအရေး ကူညီပေးနေသူ တဦးဖြစ်သည့် ကိုမောင်မောင်က ပြောသည်။

“အခုဟာက သူတို့လူတွေကပဲ လုပ်စားနေတာ။ အထက်က သိရက်နဲ့ မသိချင်ယောင် ဆောင်နေတယ်။ ဈေးကောင်းရ တော့ လူရောင်းပွဲလို ဖြစ်နေတယ်။ ILOနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း သိပ်အားမရဘူး” ဟု သူက ဆိုသည်။

နိုင်ငံတကာ ဥပဒေအရ အစိုးရစစ်တပ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းသည် အသက် ၁၅ နှစ်အောက် ကလေး သူငယ်များကို စစ်သားအဖြစ် မစုဆောင်းရန် ကန့်သတ်ထားသည်။ ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်း ခြင်းသည် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တင်နိုင်သည့် စစ်ရာဇ၀တ်မှု မြောက်ကြောင်း အတိအလင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တင်ပြထားသော ကလေးစစ်သားအရေး၊ စစ်မက်ဖြစ် ပွားနေသော ဒေသများတွင် ကျောင်းများ၊ ဆေးရုံများဖျက်ဆီး တိုက်ခိုက်ခံရမှုနှင့် ကလေးများအပေါ် မတရား ညှဉ်းပန်း နှိပ်စက်မှုများ လုပ်နေသည့် သက်ဆိုင်ရာ အစိုးရ စစ်တပ်များ၊ လက်နက်ကိုင် အဖွဲ့များ၏ ကျူးလွန်မှုများကို အရေး ယူနိုင်ရေး အစီရင်ခံစာတရပ်အား ကုလသမဂ္ဂ လုံခြုံရေးကောင်းစီ အစည်းအဝေးတွင် မကြာသေးခင်က တညီတညွတ် တည်း ထောက်ခံခဲ့သည်။

“အဲဒီလို ကျူးလွန်နေတဲ့ အထဲမှာ မြန်မာအစိုးရစစ်တပ်ပါနေတယ်လို့ သတိပေးလိုက်တာဖြစ်တယ်။ ဒါကြောင့် အရေးယူနိုင်တော့မှာပါ။ ကလေးစစ်သားအရေး ကိုင်တွယ်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို မြန်မာပြည် ၀င်ပြီး ထောင်တွေ၊ ရဲဘက်တွေထိပါ စစ်ဆေးခွင့်ရဖို့ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု ကုလ သမဂ္ဂဆိုင်ရာ ညွန့်ပေါင်းအစိုးရ ကိုယ်စားလှယ်ဒေါက်တာသောင်းထွန်းက ပြောသည်။

  Source: irrawaddy

---------------
မင်းဆက်ခိုင်
---------------
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပနေသော ရခိုင်ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ယခုလ ၁၇ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် သင်္ကြန်ပွဲတော်မှာ ၁၇ ကြိမ်မြောက် ဖြစ်ပြီး နယူးယောက်မြို့ရှိ 100 West 84th Street, PS9 Playground between Columbus Avenue and Amsterdam Avenue, MANHATTAN တွင် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီမှ စတင်ပြီး ညနေ ၄ နာရီထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

thingyan.org
နယူးယောက်တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပရခြင်းနှင့်ပတ်သက်ပြီး သင်္ကြန်ပွဲတော် ကျင်းပရေးအဖွဲ့မှ စီမံခန့်ခွဲရေး ဒါရိုက်တာ ကိုကျော်သာလှမှ ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

"အဓိကကတော့ ရခိုင့်ယဉ်ကျေးမှုကို ကမ္ဘာက သိအောင်လုပ်တာရယ်။ ပြီးတော့ ဒီမှာ ဗမာပြည်ကလူတွေလည်း ရခိုင်ယဉ် ကျေးမှုကို သိပ်ပြီးတော့ မသိကြသေးတဲ့လူတွေလည်းရှိပါတယ်။ နောက် ဗမာပြည်က နေပြီးတော့ အကြောင်း အမျိုးမျိုး ကြောင့် နိုင်ငံခြားကိုရောက်သွားကြတဲ့သူတွေလည်း ရခိုင်ယဉ်ကျေးမှုကို မသိကြသေးတာရှိပါတယ်။ ဒီ နယူးယောက်မှာ ရောက်ရှိနေတဲ့ ဗမာအပါအဝင် တခြားတိုင်းရင်းသားတွေ၊ ရခိုင်လူမျိုးတွေရဲ့ ဒီမှာ ကြီးပြင်းလာတဲ့ သားသမီးတွေရှိကြပါ တယ်။ သူတို့က ရခိုင်ရိုးရာသင်္ကြန်ကို မမြင်ဖူးကြဘူး။ ဒီတော့ အခုလိုပြုလုပ်ခြင်းအားဖြင့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို သိရှိလာကြမယ်။ စိတ်ဝင်စားလာကြမယ်။ အခုလို နိုင်ငံခြားမှာ နေပြီးတော့ ကိုယ့်ယဉ်ကျေး မှုကို ဖော်ထုတ်ခွင့်ရတာ။ ရခိုင်ပြည်တခုတည်းမှာမဟုတ်ပဲနဲ့ ရခိုင်လူမျိုးတွေ ရောက်ရှိနေတဲ့ နေရာတိုင်းမှာ ကိုယ့်ယဉ် ကျေးမှုကို ဖော်ထုတ်ပြသတဲ့ သဘောပါ။ သိပ်ဝမ်းသာဖို့ကောင်းပါတယ်။"

၎င်းအပြင် ယခုကဲ့သို့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပခြင်းအားဖြင့် မိမိ လူမျိုးအတွက် အကျိုးရှိပုံကိုလည်း သူက ဂုဏ်ယူဖွယ်ရာ ပြောကြားသည်။

" ဟုတ်ပါတယ်။ အခုလိုပြုလုပ်တာဟာ ရခိုင်လူမျိုးတွက် အကျိုးရှိတယ်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ ရခိုင်ကို အယင်ထက် ပိုပြီး သိလာတယ်။ ရခိုင့်ယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ ပြီးတော့ ဒီသင်္ကြန်ပွဲမှာ ရခိုင့် တူရိယာတွေနဲ့ တီးမှုတ်သီဆိုတာတို့၊ ရခိုင်ရိုးရာအကတွေနဲ့ ဖျော်ဖြေတာ တို့ ပြုလုပ်တယ်ဆိုတော့ မြန်မာ နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေလည်း သိရှိလာပါတယ်။ ပြီးတော့ နယူးယောက် ဆိုတာကလည်း ဂီတ အနုပညာထွန်းကြားတဲ့ မြို့တမြို့ပါ။ အဲဒီလို ဂီတအနုပညာထွန်းကားတဲ့မြို့မှာ အခုလို ဖော်ထုတ်ခြင်း အားဖြင့် ရခိုင့်တူရိယာတွေ၊ ရခိုင့်ရိုးရာအကတွေကို နိုင်ငံခြားသားတွေက သိရှိလာမယ် စိတ်ဝင်စားလာကြမှာ ဖြစ်ပါတယ်။"

အဆိုပါ နယူးယောက် ရခိုင် သင်္ကြန်ပွဲတွင် သက်ကြီးပူဇော်ပွဲ၊ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်(လှေဖြင့်) ရေကစားပွဲ၊ ရခိုင်ရိုးရာ အဆိုအက ဂီတပဒေသာ ကပွဲများ အပြင် ရခိုင့်အစားအစာနှင့် တခြားမြန်မာအစားများကိုလည်း ရောင်းချကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ဆင်နွဲရသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း သူက ပြောသည်။

"ကျနော်က ရခိုင်အစစ်ဆိုပေမယ့် ရခိုင်ရိုးရာပွဲတွေကို ရခိုင်ပြည်မှာ မဆင်နွဲခဲ့ဖူးပါ။ အခြေနေအမျိုးမျိုးကြောင့်လည်း ရခိုင်ပြည်ကို မရောက်ဖူးခဲ့ပါဘူး။ ကျနော်က ငယ်ငယ်လေးကတည်း နိုင်ငံခြားမှာကြီးတာဆိုတော့။ ရန်ကုန်မှာ နည်းနည်း နေခဲ့တုန်းကတော့ မိဘဆွေမျိုးတွေက ရခိုင်အကြောင်း ကိုပြောပြတာတွေရှိပါတယ်။ အခုလည်း အခြေနေအမျိုးမျိုးကြောင့် ပြန်လို့မရတော့ဘူးဆိုတော့ ဒီလို သင်္ကြန်ပွဲကို ဒီမှာ ဆင်နွဲရတာကို ပျော်ရွင်ကျေနပ်မိပါတယ်။ ပြီးတော့ ရခိုင်ပြည်ကနေ ဒီမှာရောက်နေတဲ့ သူတွေကလည်း အခုလို ပွဲမျိုးမှာ ပါဝင်ဆင်နွဲရတာ ရခိုင်ပြည်ကို ရောက်သွားသလို ခံစားကြရတယ်လို့ သူတို့ ခံစားမူတွေကို ဖွင့်ဟ ပြောပြတာတွေကို ကြားရတဲ့ အတွက်လည်း ကျနော်လည်း အဲလိုပဲ ၀မ်းသာ ခံစားမိပါတယ်" ဟု ပြောသည်။

ယခုနှစ် ကျင်းပမည့် ၁၇ ကြိမ်မြောက် ရခိုင်သင်္ကြန်ပွဲတော်မှာလည်း ခါတိုင်းနှစ်များကဲ့သို့ စည်ကားသော သင်္ကြန်ပွဲတော်ဖြစ်မည်ဟု သိရသည်။


Source: narinjara

-------------
ကွန်ချုပ်ကေ
-------------

Narinjara.com
" ဖိနှိပ်မှုရှိရင် တွန်းကန်မှု" ရှိစမြဲဆိုတဲ့အတိုင်း အာဏာရ ဗမာအုပ်ချုပ်သူတွေက ရခိုင်လူထုကို နည်းမျိုး ပေါင်း စုံနဲ့ ကြမ်းကြမ်း တမ်းတမ်း ဖိနှိပ်အုပ်ချုပ်နေတဲ့အတွက် ရခိုင်အမျိုးသားတွေအကြားမှာ မခံမရပ်နိုင်မှုနဲ့ မကျေ နပ်မှုတွေဟာ အတိုင်းအဆမရှိ ကြီးမား ကျယ်ပြန့်လာနေပါပြီ။ ပြည်တွင်းမှာရော ပြည်ပမှာရော ဘယ်နေရာ ဘယ်ဒေသကိုဘဲ ရောက်ရောက် ဗမာအုပ်ချုပ်သူတွေကို မုန်းတီးရေးစိတ်တွေ၊ မိမိတိုင်းပြည်ကို မိမိပြန် အုပ်ချုပ်လိုချင်တဲ့ စိတ်တွေ၊ ရတဲ့နည်းနဲ့ ဗမာအုပ်ချုပ်သူတွေကို ဆန့်ကျင်တော်လှန်ရမယ်ဆိုတဲ့ စိတ်တွေ တဖွားဖွားနဲ့ ပေါ်ပေါက်လို့လာနေပါပြီ။ တချိန်က ဗမာ အုပ်ချုပ်သူတွေကို အကောင်းမြင်ခဲ့တဲ့ ရခိုင်တွေတောင် အခုအချိန်မှာ ဗမာ အုပ်ချုပ်သူတွေရဲ့ နိုင်ထက်စီးနှင်း အုပ်ချုပ်နေမှုကြောင်း အတွေးအခေါ်တွေ ပြောင်းလဲ လာခဲ့ပြီး ဗမာ အုပ်ချုပ်သူတွေအပေါ် အကောင်းမမြင်တော့ပါဘူး။ လက်တွေ့အရ ဗမာ အုပ်ချုပ်သူတွေက ရခိုင်လူထုကို အသားကုန် ဖိနှိပ်အုပ်ချုပ်နေတာတွေဟာ ဘယ်သူမှ သည်းခံနိုင်လောက်တဲ့ အခြေအနေမှာ မရှိတော့ပါဘူး။ အုပ်ချုပ်သူ ဗမာတွေရဲ့ အောက်မှာ ရခိုင်လူမျိုးတွေရဲ့ ဘဝအခြေအနေ ဖြစ်ပျက်နေတာတွေကို မျက်ဝါး ထင်ထင် မြင်တွေ့လာရပြီးတဲ့ နောက်ပိုင်းမှာ " ဒင်းတို့"လုပ်ရက်လေခြင်း ဆိုပြီး ရင်ထုမနာ ဖြစ်နေ ကြတာက ရခိုင်တမျိုးသားလုံးပါဘဲ။ စားစရာ မရှိ၊ နေစရာ မရှိ၊ ဝတ်စရာ မရှိ ဖြစ်နေကြရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘဝဟာ ဗမာ အုပ်ချုပ်သူတွေက တရား ဖိနှိပ် ဂုတ်သွေးစုတ် အုပ်ချုပ်နေတဲ့အတွက် ဖြစ်တယ်ဆိုပြီး လူတိုင်း သိမြင်ကြကုန်ပါပြီ။

မြန်မာပြည် လွတ်လပ်ရေးတာ နှစ်ပေါင်း ၆၃ နှစ်ရှိခဲ့ပြီး ဖြစ်ပေမယ့် ရခိုင်ပြည်မှာ ဒီနေ့ထက်ထိ စက်ရုံတစ်ရုံ တည်ဆောက်ပေးတာ မရှိသေးပါဘူး။ ၃ နာရီထက် လျှပ်စစ်မီးရတာ မရှိဘူး။ စီးပွားရေးအတွက် အခြေခံ အဆောက်အအုံတွေ မရှိသေးဘူး။ ဒီလို အခြေအနေမျိုးမှာတခါ စစ်တပ် တပ်ရင်းတွေကို ရခိုင်လူထုကို ဖိနှိပ်ဖို့ ရည်ရွယ်ချက်နဲ့ တပ်စွဲချထားပြီး လယ်တွေကို သိမ်းတယ်။ လူထုတွေကို နှိပ်စက်တယ်။ လယ်မြေက ရလာတဲ့ စပါးတွေကို လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကားခွင့် မရဘူး။ စီးပွားရေး အရ နေရာတိုင်းမှာ ဗမာ အုပ်ချုပ်သူ တွေက လက်ဝါးကြီး အုပ် ချယ်လှယ်ထားတယ်။ တဝမ်းတခါးအတွက် ရခိုင်လူထုတွေ တောင်ကိုတက်လို့ မရဘူး။ ငါးရှာဖို့ ချောင်းထဲ မြစ်ထဲ ဆင်းလို့ မရဘူး။ အားလုံးကို နိုင်ငံတော်ကို ခေါင်းစဉ်တပ် ကန်ထရိုက် ပေးပြီး ငှားရမ်းထားတယ်။ ရခိုင်ပြည်က ထွက်ရှိတဲ့ ဂတ်စ်တွေကိုလည်း တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံတွေကို ဒေါ်လာ သန်းပေါင်း မြောက်များစွာနဲ့ ရောင်းစားထားတယ်။ ရခိုင်ပြည်သူတွေ အတွက် ရရှိလာတဲ့ငွေတွေထဲက တပြားတချပ်ကိုမှ အသုံးပြုတာ မရှိဘူး။ ဒါ့အပြင် သစ်တောတွေ၊ ရေပြင်တွေ အားလုံးကိုလည်း လက်ညိုးထိုး ရောင်းစားထားတယ်။ ယဉ်ကျေးမှုအရလည်း ဗမာတွေကိုသာ အထင်ကြီးအောင် ပြုလုပ်ထားတယ်။

ကိုယ့်စာပေကို ကိုယ်သင်ကြားခွင့်မရဘူး။ ကိုယ့်သမိုင်းကိုယ် သင်ကြားခွင့် မရဘူး။ ရခိုင်စကားကို ရခိုင်ပြည်နယ်က ရုံးတွေမှာ သုံးခွင့် မရဘူး။ အခုအချိန်ထိ တီဗွီ ရုပ်သံလိုင်းကိုထား ရခိုင်ရေဒီယို ဆိုတာတောင် မရှိသေးဘူး။ ခုလို နေရာတိုင်းမှာ အနှိမ်ခံနေရ၊ ဖိနှိပ်ခံရတော့ နာကျည်းစိတ်တွေ ပြင်းထန်ပြီး ရခိုင်အမျိုးသားတွေရဲ့ အမျိုး သားရေး စိတ်ဓါတ်ဟာ နယ်နမိတ်မရှိ ကျယ်ပြန့်သထက် ကျယ်ပြန့် လာခဲ့တာ ဖြစ်ပါတယ်။

Narinjara.com
၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို ပြန်ကြည့်ပါ။ ပြည်သူတွေ ဘယ်အတိုင်းအတာထိ နားကျည်း နေသလဲဆိုတာ လူတိုင်း သဘောပေါက် နိုင်တယ်။ နအဖ စစ်အစိုးရက ဓါးမိုးပြီး သူတို့ပါတီ ကြံ့ဖွတ်ကို မဲထည့် ခိုင်းတာတောင် မဲမ ထည့်ဘဲ ရခိုင်ပါတီကို မဲထည့်ခဲ့ကြတယ်။ ဘယ်အတိုင်းအတာထိ ရခိုင်ပြည်သူတွေက ဗမာ အုပ်ချုပ်သူ တွေကို နာကျည်းနေသလဲဆိုတာကို လူတိုင်း သိသာထင်ရှားစွာ မြင်နိုင်တယ်။ ရခိုင်ပါတီကို မဲပေးတာဟာ သူတို့တော်လို့ တတ်လို့ စည်းရုံးရေးကောင်းလို့ မဟုတ်ဘူး။ ဗမာ အုပ်ချုပ်သူတွေကို လုံးဝ သောက်မြင် ကပ်နေတဲ့ အတွက် ဖြစ်ပါတယ်။ ခုလို မဲပေးတာဟာ ဗမာ အုပ်ချုပ်သူတွေကို မလိုတော့ဘူးဆိုတာကို ထုတ်ဖေါ် ပြသလိုက်တာ ဖြစ်တယ်။ တနည်းအားဖြင့် ပြောရင် " မင်းတို့ ဗမာ အုပ်ချုပ်သူတွေ နှိပ်စက်တာတွေ များနေပြီ မင်းတို့ကို ရခိုင်ပြည်မှာ အလိုမရှိတော့ဘူး" ဆိုတာကို ရခိုင်တွေက တသံတည်း ထုတ်ဖေါ်ပြသလိုက်တာ ဖြစ်တယ်။ ဒါ့ပြင် ရခိုင် လူငယ်တချို့ ဗုံးခွဲဖို့ ကြံစည်မှုနဲ့ ရန်ကုန်မှာ အဖမ်းခံရတာတွေကို ပြန်ကြည့်ပါ။ ဗမာ အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုကို မကျေနပ်တဲ့အတွက် ဒီလို ပေါက်ကွဲမှုတွေ ဖြစ်လာရတာ ဖြစ်တယ်။ အသက် စွန့်ပြီး ဗုံးခွဲဖို့ထိ ကြံစည် ကြိုးစားလာကြတာ ဖြစ်ပါတယ်။ ရခိုင်တွေဟာ ဗုဒ္ဓဘာသာ ဝင်တွေပါ။ ဒီလို လုပ်ရပ် တွေကို ဘယ်သူမှ မလိုလား အားမပေးခဲ့ကြပါဘူး။ ဒါကြောင်းလည်း ခုလို ဗုံးခွဲ တိုက်ခိုက်တဲ့ လုပ်ရပ်မျိုး တစ်ခါမှ သမိုင်းမှာ မပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခေတ်ကာလမှာ ခုလို လုပ်ရပ်တွေ ပေါ်ပေါက် လာတာဟာ နောက်ဆုံး အဆင့် ဗမာ အုပ်ချုပ်သူ တွေရဲ့ လုပ်ရပ်ကို လုံးဝ သည်းမခံတဲ့အတွက် ပေါ်ပေါက် လာရတဲ့ အကျိုးဆက်တွေပါ။ ဒီလို ရခိုင်လူငယ်တွေ သည်းခံလို့ မရအောင်ထိ ဖြစ်လာရအောင်လည်း ရခိုင် လူမျိုးတွေအပေါ် အုပ်ချုပ်သူ ဗမာတွေက ဖက်ဆစ်စနစ်နဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ခုလို ဖိနှိပ်ရင် နောက်လည်း ဒီလို အလားတူ ကြံစည် ကြိုးစားမှုတွေ ဗမာပြည်မှာ မပေါ်ပေါက်နိုင်ဘူးလို့ ဘယ်သူမှ အာမခံ ပြောနိုင်မှာ မဟုတ်ပါဘူး။

ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုး သားတွေရဲ့ လူပ်ရှားမူကို ကြည့်လိုက်ပါ။ ၂၀၁၀ ခုနှစ် ဒီဇင်္ဘာ လ ၃၁ ရက်နေ့ ရခိုင်ပြည် အချုပ်အချာ အာဏာ ကျဆုံးတဲ့နေ့မှာ အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ရုံးရှေ့မှာ ကိုလိုနီ စနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တဲ့အထိ နိုင်ငံရေး အရ တက်ကြွလာ ခဲ့ကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ခုလို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဘယ်ရခိုင် နိုင်ငံရေးပါတီကမှ သူတို့ကို ညွန်ကြားခဲ့လို့၊ စည်းရုံးခဲ့လို့ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ သူတို့ စိတ်ကူးနဲ့ သူတို့ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ခုလို သူတို့ လုပ်တဲ့ လုပ်ရပ်အပေါ်မှာလည်း ရခိုင်အမျိုးသားတွေက တခဲနက် ထောက်ခံ အားပေး ခဲ့ကြပါတယ်။ ခုလို လုပ်ရပ်တွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ သုံးသပ် ကြည့်ရင်လည်း ဒီလုပ်ရပ်ဟာ ဗမာ အုပ်ချုပ်သူတွေရဲ့ ရခိုင်ပြည်သူတွေ အပေါ်မှာ တရား လက်လွတ် ဖိနှိပ် အုပ်ချုပ်မှုကြောင့် ပေါ်ပေါက် လာခဲ့ရတာ ဖြစ်ပါတယ်။ မခံရပ်နိုင်တဲ့ နောက်ဆုံး ပေါက်ကွဲလာရတဲ့ အကျိုးဆက် ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ဒီလုပ်ရပ်ကို အမျိုးသားရေးဆိုင်ရာ ပေါက်ကွဲမှုတရပ် အဖြစ်လည်း ရှု့မြင်နိုင်ပါတယ်။

အရင်က ရခိုင်တော်လှန်ရေး နိုင်ငံရေးဆိုရင် လှည့်လို့ တောင် မကြည့်ခဲ့တဲ့ နိုင်ငံတကာရောက် ရခိုင်တွေဟာ အခုအခါ အမျိုးသားရေး စိတ်ဓါတ်တွေ မြင့်တက် ရှင်သန်ကိန်းအောင်းလာပြီး ငါတို့ တိုင်းပြည် ငါတို့ လူမျိုး ကမ္ဘာ ပေါ်မှာ လူမသိသူမသိ ဘဝနဲ့ အဆင်းရဲဆုံးနဲ့ အတိဒုက္ခ အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရတာဟာ ဗမာ အုပ်ချုပ်သူတွေရဲ့ မတရား ဖိနှိပ်မှုကြောင့်ပါလား ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား သိမြင်လာခဲ့ ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်အမျိုးသားတွေဟာ တော်လှန်ရေး နိုင်ငံရေးအပေါ် အထူး အလေးထား အာရုံ စူးစိုက်လာကြတဲ့ အပြင် တော်လှန်ရေး နိုင်ငံရေးကိုလည်း ရှေ့ကထက် ပိုမို ထောက်ခံအားပေးလာကြပါတယ်။ အားလုံးကို ခြုံငုံ ပြောရရင်တော့ ရခိုင်တွေရဲ့ အမျိုးသားရေး စိတ်ဓါတ်ဟာ တနည်းအားဖြင့် ပြောရရင် အမျို သား လွတ်မြောက်မှုအပေါ် စိတ်ဝင်စားတဲ့ ဘောင်ဟာ အခုအခါမှာတော့ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေတာကို တွေ့မြင်နေကြရပါပြီ။ အဲသလို စိတ်ဓါတ်တွေရဲ့ အခြေခံ အုတ်မြစ်တွေအပေါ်မှာ ဦးဆောင်ကြမယ့် တော်လှန်ရေး ခေါင်းတွေက နည်းမှန်လမ်းမှန် နိုင်ငံရေး ပရိယာယ် ကြွယ်ကြွယ်နဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားပြီး ဦးဆောင်မူ ပြုနိုင်ကြမယ် ဆိုရင်တော့ မဝေးတော့တဲ့ တစ်နေ့မှာ ရခိုင်အမျိုးသားတွေ မျှော်လင့်နေတဲ့ ရွှေရောင်လွှမ်းတဲ့ ခေတ်ကို မုချမသွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

(ပြီး) 

Source: narinjara

ဇွန်လ (၂၇) ရက်နေ့၌ တိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ (COBEM) သည် သြစတြေးလျ နိုင်ငံမှ Mr. Scott Morrison နှင့် ဆွေးနွေးပွဲတရပ်ကို COBEM ရုံးတွင် ပြုလုပ်ခဲ့သည်။ ၄င်းဆွေးနွေးပွဲသို့ ARRC မှ တက်ရောက်ခဲ့ပြီး သြစတြေးလျနိုင်ငံလှေဖြင့်ဝင်ရောက်လာသော ဒုက္ခသည် (၈၀၀) အားမလေးရှားနိုင်ငံသို့ ပြန်ပို့ရေးနှင့် မလေးရှားမှ ဒုက္ခသည်ပေါင်း (၄၀၀၀) ကို ပြန်လည်ခေါ်ဆိုရန် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

 ဇွန်လ (၉) ရက်နေ့၌ Malaysian Social Research Institute မှ ကြီးမှူးကျင်းပသော Working Together to Support Refugges ဆွေးနွေးပွဲသို့ ARRC မှ တက်ရောက်ခဲ့သည်။ ၄င်းဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံ ရှိဒုက္ခသည်များတွေ့ကြုံနေရသော    အခက်အခဲ့များအားဆွေးနွေးခဲ့ကြပြီး တက် ရောက်လာ ကြသောအဖွဲ့အစည်းများမှလည်းမေးခွန်းများ မေးမြန်းကာ UNHCR နှင့် NGO များမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

မလေးရှားနိုင်ငံတွင် ယခုအချိန်၌ အာဏာပိုင်များမှ တရားမဝင်နေထိုင်သူများအား ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျှက်ရှိရာ ဒုက္ခသည်များသည်လည်း နေ့စဉ်နှင့်အမျှဖမ်းဆီးခံနေကြရသည်။ ၄င်းထဲတွင် ARRC အဖွဲ့ဝင်များသည်လည်းပါဝင်လျှက်ရှိရာ ARRC မှ ၄င်းတို့အဖမ်းအဆီးမှ လွတ်မြောက်စေရန် တတ်အားသရွေ့ဆောင်ရွက်လျှက်ရှိသည်။ ၂၀၁၁ခု၊ မေလတွင် ARRC အဖွဲ့ဝင် စုစုပေါင်း ( ၁၃ ) ဦးဖမ်းဆီးခံခဲ့ရသည်။ ARRC သည် ယခင်နှစ်များကပင် ထောင်ထဲ၊ ကန့်ထဲတွင် ထိမ်းသိမ်းခံနေရသော ရခိုင်ဒုက္ခသည်များအားလွတ်မြောက်လာစေရန် အတွက်လည်း UNHCR, OPI၊ NGOs နှင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လုပ်ဆောင်လျှက်ရှိသည်။

ARRC ၏ ကျန်းမာရေးတာဝန်ခံများသည် ရခိုင့်ဒုက္ခသည်ကျန်းမာရေးဝန်ဆောင်ပေးမှု များအား စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျှက် ရှိရာ ၂၀၁၁ခု၊ မေလတွင် ကျန်းမာရေးဝန် ဆောင်ပေးခဲ့သူစုစုပေါင်းမှာ (၇၁) ဦးခန့် ရှိခဲ့သည်။ ၄င်းထဲမှ ကျန်းမာရေးနှင့် ပတ်သက်၍ ဒုက္ခသည် (၂) ဦးအား UNHCR မှ မှတ်ပုံတင်ပေးခဲ့ပါသည်။ ယခုအခါ ARRC ရခိုင်ဒုက္ခသည်ကယ်ဆယ်ရေးရုံးသည် ကျန်းမာရေးနှင့်ပတ်သက်၍ UNHCR၊ HEI  ACTS ၊ KLINIK REDDY၊ GHKL၊ IPR၊ Sg. Buloh Hospital၊ PERCH၊ စသည့် NGO ဆေးခန်း၊ ဆေးရုံးများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကာ ကျန်းမာရေး ထောက်ပံ့ကျေးများရရှိအောင်ဆောင် ရွက်လျှက် ရခိုင့်ဒုက္ခသည်တို့၏ကျန်းမာ ရေးပြဿနာများကို ကူညီဖြေရှင်း     ပေးလျှက်ရှိသည်။

ရခိုင်ပြည်နယ်ဟာ လက်ရှိ မြန်မာ အစိုးရတွေရဲ့ လက်ထက်မှာ အဆင်းရဲ အနိမ့်ကျဆုံး နေရာကို ရောက်ရှိသွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပီးရင် ရခိုင်ပြည်နယ်ဟာ ဒုတိယ အဆင်းရဲ အနိမ့်ကျဆုံး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ တိုးတက်နိုင်တဲ့ ရေခံ မြေခံကောင်းတွေ အများကြီး ရှိပေမယ့် မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး အဆင့်ကို ရောက်ရှိသွားရတာဟာ ဘာကြောင့်ပါလဲ။ ဆရာကြီး ဒေါက်တာ အေးကျော် ကို နိရဉ္စရာမှ မောင်ရမ္မာက မေးမြန်းတဲ့ အခါ ဆရာကြီးက ခုလို စပြောပြပါတယ်။


Dr-Aye-Kyaw-photo
ဖြေ။ ။ ရခိုင်ပြည်က ဘာကြောင့် ဆင်းရဲသလဲဆိုရင်တော့ နံပါတ်တစ်အချက်က ဘာလဲဆိုလို့ရှိရင် ကျွန်ပုန်း ကိုလိုနီဘ၀နဲ့ နေခဲ့ရတာ နှစ်ပေါင်းများစွာကြာပြီ။ နောက်တခုက စစ်တပ်က အရင်တုန်းကဆိုရင် ဆရာကြီးတို့ ကျောင်းသားဘ၀တုန်းကဆိုရင် ရခိုင်ပြည်တပြည်လုံးမှာ စစ်တပ် သုံးတပ်လောက်ဘဲရှိတယ်။ အခု စစ်တပ်က ၆၀ ကျော် ရှိလာတဲ့အတွက်ကြောင့် ဒီစစ်တပ်ဟာ ရခိုင်ပြည်သူပြည်သားတွေရဲ့ တိုးတက်ကြီးပွားရေးကို လာလုပ်တဲ့ စစ်တပ်မဟုတ်။ သူတို့အကျိုးကို လုပ်တဲ့ စစ်တပ်သာ ဖြစ်တယ်။ အဲဒါကြောင့် စစ်တပ်က လယ်ယာကို သိမ်းတယ်။ လယ်လုပ်လို့ မရနိုင်။ အဲဒီလို အခက်အခဲ အကျပ်အတည်းကို ရခိုင်သားတွေဟာ လက်ရှိ ကြုံတွေ့နေရတယ်။ အဲဒါကြောင့်လည်း ရခိုင်ပြည်ဟာ ဆင်းရဲကျပ်တည်းတဲ့ စာရင်းထဲမှာ ပါတာလည်း ဖြစ်တယ်။ နောက်တခုက ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ ငါးတွေ၊ ပုဇွန်၊ ဂဏန်းတွေကိုလည်းဘဲ ရခိုင်သားတွေ ရှာဖွေစားသောက်လို့ မရ အခြေအနေဖြစ်လာတယ်။ ကိုယ့်ရေထဲမှာရှိတဲ့ ငါးကို ကွန်ပစ်လို့တောင် စားလို့မရ ဖြစ်လာတယ်။ နောက်တခါ တောတောင်မှာ ရှိတဲ့ သစ်ပင်တွေ၊ ပျဉ်းကတိုးတွေကိုလည်း ခုတ်ပြီးတော့ နိုင်ငံခြားကို ရောင်းချတယ်။ ရခိုင်သားအကျိုးအတွက် ဘာတခုမှ မပါ။ ရခိုင်ပြည်ကထွက်တဲ့ ဂက်စ်တွေ ရခိုင်ပြည်အကျိုးအတွက် လုံးဝမပါဘူး။ နောက်တခုက ရခိုင်ပြည်က ထွက်တဲ့ ရေနံ ရခိုင်ပြည်အကျိုးအတွက် တခုလည်းမပါ။ ခုနက ရခိုင်ပြည်မှာ သယံဇာတပစ္စည်း ပစ္စယတွေဟာ အင်မတန်ကြွယ်ဝတဲ့ နိုင်ငံဖြစ်သော်လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးဟာ ရခိုင်သားတွေမှာ တယောက်မှ မရ။ အဲဒါကြောင့် ရခိုင်တွေဟာ ဆင်းရဲပြီးဆင်းရဲလာတာ အမှန်ပဲ။ နောက်ထပ်လည်း ဒီထက်ဆင်းရဲလာဖို့ဟာ သေချာပါတယ်။

မေး။ ။ အဲသလို ဆင်းရဲနေတဲ့ ဘ၀က လွတ်မြောက်အောင် ရခိုင်လူမျိုးတွေ အနေနဲ့ ဘာလုပ်သင့်တယ်လို့ ဆရာကြီး မြင်ပါသလဲ။

ဖြေ။ ။ အဲဒီလို ဆင်းရဲလာတာကြောင့် ရခိုင်သားတွေမှာ ကိုယ့်နိုင်ငံကို ဘယ်လိုတည်ထောင်မလဲ။ ကိုယ့်နိုင်ငံ ကောင်းလာကို ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်နိုင်ငံကို နိုင်ငံတကာမှာ တိုးတက်မြင့်မားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို နေ့တိုင်းနေ့တိုင်း ဆုတောင်းရမယ်။ အာရုံပြုရမယ်။ ဂရုတစိုက် လေ့လေ့လာလာရှိရမယ်။ ကျွန်တော်တို့မှာ ဘာဖြစ်နေလဲဆိုလို့ရှိရင် ကျွန်တော်တို့ ဗမာပြည်လို့ခေါ်တဲ့ “ဘားမား ပရိုပါး” အထုပ်ကြီးကို ထမ်းပြီးတော့ ရခိုင်ရိုးမတောင်ကို တက်သလို ဖြစ်နေတယ်။ အမှန်တကယ် ဒီအထုပ်ကြီးသာ မပါရင် ရခိုင်ပြည်ဟာ ၅နှစ်နဲ့ ၁၅ နှစ်ကြားမှာ အင်မတန်မှ တိုးတက်တဲ့ နိုင်ငံ ဖြစ်လာဖို့ သေချာပါတယ်။

မေး။ ။ ရခိုင်ပြည်ဟာ ငယ်ငယ်လေးဘဲ ရှိပါတယ်။ တိုင်းပြည်ထူထောင်ရင် ကြီးပွားချမ်းသာ နိုင်တဲ့ အခြေအနေမျိုး ရှိမလို့ ထင်ပါသလား။

ဖြေ။ ။ ရခိုင်နိုင်ငံ ဖြစ်လာတဲ့ အခါမှာ ။ ရခိုင်ပြည် လုပ်ပိုင်ခွင့်ရှိလာတဲ့အခါမှာ ကျွန်တော့် စိတ်ကူးအရဆိုရင် လွတ်လပ်စွာ ကုန်သွယ်ခွင့်ပေးဖို့။ Import, Export တွေကို များများလုပ်နိုင်ရဖို့။ ကျွန်တော်တို့ ကျောက်ဖြူနားက ဖမ်းတဲ့ ငါးသလောက်ကို ကျွန်တော်တို့ နယူးယောက်မြို့ထိ တင်ရောင်းရဖို့။ အခုတော့ ဘင်္ဂလာဒေ့ခ်ျကတင်ပို့တဲ့ ငါးသလောက်တွေကို နယူးယောက်မှာ ရခိုင်သားတွေက ၀ယ်စားနေရတယ်။ အမှန်တကယ် ကျွန်တော်တို့ ရခိုင်သားတွေဟာ ကျောက်ဖြူနားက ဖမ်းတဲ့ ငါးသလောက်၊ နောက်တခါ နေပြီးတော့ ငါးရူးစနား စတဲ့ ငါးတွေကို နယူးယောက်ထိ တင်သွင်းနိုင်ရင် အင်မတန်မှ ကြီးပွားချမ်းသာတဲ့ နိုင်ငံဖြစ်ဖို့။ နောက်တခါ ရခိုင်ပြည်မှာရှိတဲ့ အသီးအနှံတွေကိုလည်း ကျွန်တော်တို့ဟာ Import အနေနဲ့ လုပ်လို့ရှိရင်လည်း အင်မတန်တိုးတက်ကြီး ပွားလာဖို့။ တချို့က ရခိုင်ပြည်ဟာ ငယ်တယ်လို့ ပြောကြပါတယ်။ ရခိုင်ပြည်ထက် ဧရိယာကျဉ်းတဲ့ နိုင်ငံဟာ ကမ္ဘာမှာ နိုင်ငံပေါင်း ၆၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်ဟာ အားလုံးသူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ရင် ၅နှစ်နဲ့ ၁၀ နှစ်အတွင်းမှာ အင်မတန် တိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ သေချာတဲ့အကြောင်းကို ကျွန်တော် တာဝန်ယူ ပြောလိုပါတယ်။

မေး။ ။ ရခိုင်လူမျိုးတွေဟာ တချိန်က ချမ်းသာခဲ့တယ်။ ဒီနေ့ခေတ်ကာလမှာ ဆင်းရဲ နိမ့်ကျဆုံး ဖြစ်နေရတယ်။ သမိုင်းနဲ့ ယှဉ်ပြီး ရခိုင်တွေ ဆင်းရဲရတဲ့ အကြောင်းကို ပြောပြပေးပါလား။

ဖြေ။ ။ ရခိုင်ပြည်နယ် ဒီလောက်ထိ ဆင်းရဲနေတာဟာ ရခိုင်ပြည်ရဲ့သမိုင်း၊ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမ ဦးဆုံး အကြိမ် ဖြစ်တယ်။ တခါမှ ရခိုင်ပြည်ဟာ ဒီလောက်ထိ မဆင်းရဲခဲ့ဘူး။ ဒီလောက်ထိလည်း မနိမ့်ကျခဲ့ဘူး။ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုလို့ရှိရင် ရခိုင်ပြည်ကို ၁၇၈၄ ခုနှစ် ဘိုးတော်မောင်ဝိုင်းက သိမ်းပိုက် လိုက်ပြီးတဲ့ နောက်ပိုင်းမှာ အားလုံးကို ဖျက်ဆီးတယ်။ တချို့ အရေးကြီးတဲ့ ပစ္စည်းတွေ အားလုံးယူသွားတယ်။ ပညာရှင်တွေကို ခေါ်သွားတယ်။ အဲဒီအချိန်က စပြီးတော့ ရခိုင်တပြည်လုံးဟာ ကျွန်ပုန်းကိုလိုနီဘ၀နဲ့ နေခဲ့ရတာဟာ အခု နှစ်ပေါင်း ၂၂၇ နှစ်ရှိပြီ။

ရခိုင်သားတွေဟာ အထူးသဖြင့် ကျွန်တော်တို့ သံတွဲ၊ တောင်ကုတ်၊ ဂွက လူတွေဟာ ကိုယ့်ကိုယ်ကို ကျွန်ဖြစ်နေမှန်းမသိ။ ကျွန်တော်ငယ်ငယ်တုန်းကလည်း တောင်ကုတ်မှာ ကိုယ့်ကိုယ်ကို ကျွန်ဖြစ်နေမှန်းမသိ။ ကြီးလာတော့ နိုင်ငံခြားမှာ ပါမောက္ခအနေနဲ့လုပ်တဲ့အခါမှာ၊ ကမ္ဘာအရပ်ရပ်ကို နှိင်းယှဉ်လေ့လာတဲ့အခါမှာ ကျွန်တော်တို့ဟာ တကယ့် ကျွန်ပုန်းကိုလိုနီ၊ ကျွန်အစစ်အမှန်ဖြစ်ကြောင်းကို သိလာရတယ်။ အဲဒီလို ပြောခြင်းဟာ သမိုင်းကြောင်းအရ ပြောခြင်းသာဖြစ်တယ်။ ဘယ်သူ့ကိုမှ မနာလို၊ မကြိုက်လို့ ပြောတာမဟုတ်။ သမိုင်းဟာ သမိုင်းအတိုင်း ဖြစ်ရပ်ကို တင်ပြရခြင်းသာ ဖြစ်တယ်။

ကျွန်ပုန်းကိုလိုနီဘ၀နဲ့ မနေခဲ့တဲ့ အချိန်တုန်းက ရခိုင်ပြည်ဟာ အင်မတန်ကြီးပွားချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်။ ရခိုင်ပြည်ဟာ ၁၄ရာစု၊ ၁၅ ရာစု၊ ၁၆ ရာစုမှာ ကမ္ဘာမှာ အချမ်းသာဆုံး၊ နာမည်အထင်ရှားဆုံး ပြည်တပြည်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာအရပ်ရပ် မှတ်တမ်းတွေမှာ အဲဒီအချိန်အခါက ကမ္ဘာမှာ ထင်ရှားဆုံးဖြစ်တဲ့ မြို့ကြီး ၅ မြို့သာရှိပါတယ်။ အဲဒီ ၅ မြို့ထဲမှာ အင်္ဂလန်က လန်ဒန်မြို့၊ တရုတ်ပြည်က ပီကင်းမြို့၊ နယ်သာလန်က အင်စတန်တန်မြို့၊ ရခိုင်ပြည်က မြောက်ဦးမြို့၊ အိန္ဒိယနိုင်ငံက ဂိုယာမြို့၊ဒီမြို့ကြီး ၅ မြို့ဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံးသော မြို့ကြီး ၅မြို့စာရင်းထဲမှာပါတယ်။ မှန်လည်းမှန်တယ်။ သေလည်း သေချာပါတယ်။

ရခိုင်တွေဟာ ဘယ်လောက်ထိ ချမ်းသာသလဲဆိုရင် ရခိုင်နန်းတော်မှာ တင်ထားတဲ့ ရွှေဖရုံသီးတွေဟာ တကယ့်အစစ်အမှန် ရွှေဖရုံသီးတွေဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ပြည်၊ ရခိုင်နိုင်ငံဟာ အင်မတန် ချမ်းသာကြွယ် ၀တဲ့ နိုင်ငံဖြစ်ခဲ့သော်လည်း ကျွန်တော်တို့ ၁၇၈၄ ခုနှစ်ပတ်ဝန်းကျင်မှာ ရခိုင်သားတွေဟာ စည်းလုံးညီညွတ်မှု မရှိတဲ့အတွက်ကြောင့် ကျွန်ဘ၀ကို ရောက်ခဲ့ရတယ်။ အခုလဲဘဲ မစည်းရုံးမညီညွတ်ဘဲ ဖြစ်နေလို့ရှိရင် ကျွန်ဘ၀ ဆက်ပြီးတော့ ဖြစ်နေဖို့ဟာ သေချာပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်သူ ရခိုင်သားတွေဟာ ကျွန်ဘ၀က လွတ်မြောက်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားရပါဖို့။ ဘယ်သူ့ကိုမှ မုန်းဖို့မလို၊ ကိုယ့်နိုင်ငံ ကိုယ် တည်ထောင်ခြင်းဟာ စစ်မှန်တဲ့သဘောတရားလည်း ဖြစ်တယ်။ စစ်မှန်တဲ့ လုပ်နည်းလုပ်ဟန်လည်း ဖြစ်ပါတယ်။

နောက်တခုက ရခိုင်ပြည်ဟာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့အပြင် ရခိုင်နိုင်ငံရဲ့ သယံဇာတဟာလည်းဘဲ အင်မတန် ပေါများကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဘာဖြစ်လို့ဆိုလို့ရှိရင် ရခိုင်ပြည်မှာရှိနေတဲ့ ဘင်္ဂလား ပင်လယ်အော်မှာ ငါးတွေ စားမကုန်၊ ကဏန်းတွေ ယူမကုန်၊ ပုဇွန်ဆိုရင် စားတာတင်မက လုပ်ချင်သလို လုပ်လို့ရတယ်။ ငါးနီတူဆိုတာ တောင်လို ပုံနေတယ်။ မျဉ်ဆိုတာလည်း တောင်လိုပုံနေတယ်။ အဲဒါထက်အပြင် ရခိုင်ပြည်မှာရှိတဲ့ တောင်ကုတ်တောင်ရိုးမှာ ပျဉ်းကတိုးသစ်တွေ ယူမကုန်၊ ကျွန်တော်တို့ တောင်ကုတ်နယ်မှာ ဆိုလို့ရှိရင် ကျွန်တော်တို့အိမ် ဆောက်ထားတဲ့ ပျဉ်းကတိုးတိုင်ဟာ ဘုန်းကြီးကျောင်း ပျဉ်းကတိုးတိုင်ထက် ကြီးတယ်။ အဲဒီလို အိမ်ကြီးယာကြီးတွေကို ရခိုင်သားတိုင်း ဆောက်နိုင်တဲ့အခြေအနေဟာ ရှိခဲ့ပါတယ်။

အခုအခါ ဘာကြောင့် အဆင်းရဲဆုံး ဖြစ်လာသလဲဆိုလို့ရှိရင် ကျွန်တော်တို့ဟာ ကျွန်ပုန်းကိုလိုနီဘ၀နဲ့ ဆက်ပြီးတော့ ရှိနေလို့ပါ။ ကျွန်ပုန်းကိုလိုနီဘ၀မှာ ရခိုင်တွေ ရခိုင်စာပေကို မသင်ရသေးဘူး။ ရခိုင်သမိုင်းကို ရခိုင်တွေ မသင်ရသေး။ ရခိုင်သီချင်းကိုတော့ခါ ရခိုင်တွေ နားထောင်လို့ရပြီ။ အင်မတန်မှ ၀မ်းသာစရာ ကောင်းတဲ့ကိစ္စတွေပါ။ အဲဒီတော့ခါ ကျွန်တော်တို့ ရခိုင်တွေမှာ ရခိုင်စာကို ပြန်သင်ရမယ်။ ရခိုင်သမိုင်းကို ပြန်သင်ရဖို့။ ရခိုင်အနုပညာကို ပြန်သင်ရဖို့။ နောက်တခုက ကျွန်တော်တို့ နိုင်ငံမှာ ဘင်္ဂလာပင်လယ်အော်ရဲ့ ကြွယ်ဝချမ်းသာမှု၊ ပြည်တွင်းမှာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ သစ်တောတွေ၊ ကျွန်တော်တို့တောင်ကုတ်မှာ ဆိုရင် ခယင်ဝါးရှိတယ်။ တောင်ကုတ်မှာရှိတဲ့ဝါးဟာ ကမ္ဘာမှာအကောင်းဆုံးဝါးထဲမှာ ပါတယ်။ ၀ါးကထုတ်တဲ့ စက္ကူ၊ အ၀တ်အစတွေဟာ အကောင်းဆုံး၊ ကျွန်တော်ကြားရသလောက်တော့ တောင်ကုတ်မြို့နယ်မှာ ၀ါးပင် မရှိတော့ဘူး။ အခြားအရေးကြီးတဲ့ အပင်တွေလည်း မရှိတော့ဘူး။

ကျွန်တော်တို့ ပြည်မှာ ချမ်းသားကြွယ်ဝသော်လည်း ကျွန်ဘ၀နဲ့ နေရတဲ့အတွက်ကြောင့် ကိုယ်ရဲ့ အိမ်ဘေး နားကထွက်နေတဲ့ ရေနံကို ကိုယ်သုံးလို့မရ။ ကျွန်တော်တို့ပတ်ဝန်းကျင်အနီးအနားမှာ ထွက်နေတဲ့ ဂက်စ်ကို ရခိုင်သူ ရခိုင်သားတွေဟာ ထမင်းချက်လို့မရ။ ဇာကြောင့်လဲဆိုရင် ကျွန်တော်တို့ လုပ်ပိုင်ခွင့်မရှိလို့။ အဲဒါကြောင့် ကျွန်တော်တို့ဟာ မသိမသာ၊ သိသိသာသာ ကျွန်ဖြစ်နေတာကို သိသင့်တယ်။ သိဖို့ ကာလလည်း ဖြစ်နေပြီ။

နောက်တခုက ရခိုင်ပြည်မှာ နှစ်ပေါင်း ၂၂၇ နှစ် ကိုလိုနီကျွန်ဘ၀နဲ့ နေခဲ့သော်လည်း အခုထိ ရခိုင်ပြည်မှာ စက်ရုံတရုံမှ မရှိ။ သိပ်ဝမ်းနည်းဖို့ကောင်းတယ်။ ဒါလည်း ဆင်းရဲနွမ်းပါးရတဲ့ ကိစ္စတခု။ ဒီလို စက်ရုံမရှိတော့ ရခိုင်ပြည်မှာ ရှိတဲ့ လူငယ်တွေဟာ အလုပ်မရှိ၊ စာသင်ဖို့အချိန်ကာလလည်းမရှိ။ အိမ်နားမှာရှိတဲ့ ငါးကို ဖမ်းစားလို့လည်းမရ၊ ကဏန်း၊ ပုဇွန်ဖမ်းစားလို့မရ။ ငါးတွေကိုယူပြီး ရောင်းစားခွင့်မရ။ အဲဒီလို အခြေအနေ ဖြစ်လာတဲ့အခါမှာ ရခိုင်သူ ရခိုင်သား လူငယ်တွေဟာ ရခိုင်ပြည်မှာ မနေနိုင်တော့ဘူး။ ဗမာပြည်သွားရင်လည်း အလုပ်မရနိုင်၊ အဲဒါကြောင့် နိုင်ငံခြား မလေးရှားတို့၊ ယိုးဒယားတို့မှာဆိုလို့ရှိရင် ရခိုင်သားလူငယ်တွေ အများကြီး။ အင်မတန်မှာ ၀မ်းနည်းစရာ ဖြစ်ရပ်တခုဖြစ်တယ်။ ၀မ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ်တခုပြီး တခု အခု လက်ရှိမှာ ကြုံတွေ့နေရပါတယ်။ 
Source: narinjara

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နှုန်းထားများကို နိုင်ငံအနှံ့စစ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ရာတွင် ချင်းပြည်နယ်သည် ရာခိုင်နှုန်းအများဆုံး ဖြင့် ပထမ နေရာတွင်ရှိပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ နေရာတွင် ရှိကြောင်း သိရသည်။

Arakan photo ရခိုင်ပြည်သူများ မည်မျှထိ ဆင်းရဲနေကြသည်ကို အဆိုပါ ဓါတ်ပုံက သက်သေ ညွှန်းဆိုနေပါသည်။ (ဓါတ်ပုံ - နိရဉ္စရာ)
အဆိုပါ စစ်တမ်းကို ၂၀ဝ၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်းပြု လုပ်ထားသည့် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုများ၏ စားဝတ်နေရေး ခြေအနေ ဘက်စုံ လေ့လာမှု စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်း အရ တစ်နိုင်ငံလုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ကောက်ယူထားသည့် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံး ပြည်နယ်မှာ ချင်းပြည်နယ် ဖြစ်ပြီး ၇၃ ရာခိုင်နှုန်းဖြင့် ပထမ ရှိနေပြီး ရခိုင်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးမူ ၄၄ရာခိုင်နှုန်ဖြင့် ဒုတိယနေရာတွက် ရှိနေကြောင်း ဖေါ်ပြသည်။

ရခိုင်ပြည်နယ်သည် တိုးတက် ချမ်းသာနိုင်သော ရေခံမြေခံ အခွင့်ကောင်းများ ရှိနေပါလျှက် မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေရပါသလဲဟု အမေရိကန်တွင် နေထိုင်သော ဆရာကြီး ဒေါက်တာ အေးကျော်ကို နိရဉ္စရာက မေးမြန်းရာသူက ယခုကဲ့သို့ ပြောသည်။
Arakan photo ဆင်းရဲ နွမ်းပါးမူကြောင့် စာမသင်နိုင်သော အနာဂတ်မဲ့ ရခိုင်ကလေးငယ်များ (ဓါတ်ပုံ- နိရဉ္စရာ)
" ရခိုင်ပြည်က ဘာကြောင့် ဆင်းရဲသလဲဆိုရင်တော့ နံပါတ်တစ်အချက်က ဘာလဲဆိုလို့ရှိရင် ကျွန်ပုန်း ကိုလိုနီဘ၀နဲ့ နေခဲ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ။ နောက်တခုက စစ်တပ်က အရင်တုန်းက ဆိုရင် ဆရာကြီးတို့ ကျောင်းသားဘ၀တုန်းကဆိုရင် ရခိုင်ပြည် တပြည်လုံးမှာ စစ်တပ် တပ်ရင်း သုံးတပ် လောက်ဘဲရှိတယ်။ အခု စစ်တပ်က ၆၀ ကျော် ရှိလာတဲ့ အတွက်ကြောင့် ဒီစစ်တပ်ဟာ ရခိုင်ပြည်သူပြည်သားတွေရဲ့ တိုးတက်ကြီးပွားရေးကို လာလုပ်တဲ့ စစ်တပ်မဟုတ်ဘူး။ သူတို့အကျိုးကို လာလုပ်တဲ့ စစ်တပ်သာ ဖြစ်တယ်။ အဲဒါကြောင့် စစ်တပ်က လယ်ယာကို သိမ်းတယ်။ ရခိုင် အမျိုးသားတွေမှာ လယ်လုပ်လို့ မရနိုင်။ အဲဒီလို အခက်အခဲ အကျပ်အတည်းကို ရခိုင်သားတွေဟာ လက်ရှိ ကြုံတွေ့နေရတယ်။ အဲဒါကြောင့်လည်း ရခိုင်ပြည်ဟာ ဆင်းရဲကျပ်တည်းတဲ့ စာရင်းထဲမှာ ပါတာလည်း ဖြစ်တယ်။ နောက်တခုက ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ ငါးတွေ၊ ပုဇွန်၊ ကဏန်းတွေကိုလည်း ရခိုင်သားတွေ ရှာဖွေ စားသောက်လို့ မရတဲ့ အခြေ အနေ ဖြစ်လာတယ်။ ကိုယ့်ရေထဲမှာ ရှိတဲ့ ငါးကို ကွန်ပစ်လို့တောင် စားလို့မရ ဖြစ်လာတယ်။ နောက်တခါ တောတောင်မှာ ရှိတဲ့ သစ်ပင်တွေ၊ ပျဉ်းကတိုး တွေကိုလည်း ခုတ်ပြီးတော့ နိုင်ငံခြားကို ရောင်းချတယ်။ ရခိုင်သားအကျိုးအတွက် ဘာတခုမှ မပါဘူး။ ရခိုင်ပြည်ကထွက်တဲ့ ဂက်စ်တွေ ရခိုင်ပြည် အကျိုးအတွက် လုံးဝမပါဘူး။ နောက်တခုက ရခိုင်ပြည်က ထွက်တဲ့ ရေနံ ရခိုင်ပြည် အကျိုးအတွက် တခုလည်းမပါ။ ခုနက ရခိုင်ပြည်မှာ သယံဇာတပစ္စည်း ပစ္စယတွေဟာ အင်မတန်ကြွယ်ဝတဲ့ နိုင်ငံဖြစ်သော်လည်း ရသင့် ရထိုက်တဲ့ အခွင့်အရေးဟာ ရခိုင်သားတွေ တယောက်မှ မရရှိကြဘူး။ အဲဒါကြောင့် ရခိုင် တွေဟာ ဆင်းရဲပြီး ဆင်းရဲလာတာ အမှန်ပဲ။ နောက်ထပ်လည်း ဒီထက်ဆင်းရဲလာဖို့ဟာ သေချာပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် သားငါး ပုဇွန်၊ ကျွန်းသစ်၊ ဆန်ရေ စပါး အလွန်ပေါကြွယ်ဝသော ဒေသတစ်ခု ဖြစ်ပြီး လက်ရှိကာလတွင် ဧရာမ ဂတ်စ် သိုက်ကြီးများ၊ ရေနံကြောများကို ရှာဖွေတွေ့ရှိထားသည်။

ထိုသို့ သဘာဝ သယံဇာတ ချမ်းသာ ကြွယ်ဝသော်လည်း မြန်မာနိုင်ငံတွင် ဆင်းရဲ အနိမ့်ကျဆုံး ဖြစ်နေရကြောင်းကို ဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ အေးချမ်းက သူ့ အမြင်ကို ယခုကဲ့သို့ပြောသည်။

"ထွက်သမျှ အရာဝတ္ထုအားလုံးကို ရခိုင်ပြည်သူတွေက တခုမှ ခံစားခွင့်မရှိဘူး။ နိုင်ငံတော်အစိုးရက နေပြီးတော့ခါ သူတို့ရဲ့ အပေါင်းအပါတွေနဲ့ စုပေါင်းပြီးတော့ ခေါင်းပုံဖြတ်နေတဲ့အခါ အဆင်းရဲဆုံး နိုင်ငံ ဖြစ်မှာပေါ့။ အဲဒီအဆင်းရဲဆုံး နိုင်ငံထဲမှာ တခါ ရခိုင်ပြည်က အဆင်းရဲဆုံး ပြည်နယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဆိုရင် အခု ငါးတွေဖမ်းလို့မရ။ မြစ်တွေ ချောင်းတွေမှာ အယင်တုန်းကဆိုရင် ကိုယ့်တ၀မ်းစာ စားဖို့အတွက်ဆိုရင် ကွန်ပစ်ချင်သလို ပစ်လို့ရပါတယ်။ ရှာလို့ရတယ်။ အခု ငါးဖမ်းလို့ မရ၊ (မျှစ်) ၀ါးတုတ် ချိုးလို့မရ၊ ၀ါးတုတ် (မျှစ်)တွေကို သူတို့က လက်ဝါးကြီးအုပ်ပြီးတော့ ဂျပန်ပြည်ကို ပို့တယ်။ ရခိုင်ပြည်က ၀ါးတုတ်( မျှစ်)တွေကို အခု ဂျပန်ပြည်မှာ လာပြီးတော့ ရောင်းနေတယ်။ ဒီမှာ ရောင်းတဲ့အခါမှာ ဒေါ်လာ ၃ ဒေါ်လာနဲ့ ရောင်းတယ်။ ရခိုင်ပြည်မှာဝယ်တဲ့အခါ မှာ ငွေ ၅ ကျပ် ၁၀ နဲ့ဝယ်တယ်။ အဲဒီလို ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတဲ့အတွက် ရခိုင် ပြည်သူတွေ ဆင်းရဲနေကြတာဖြစ်ပါတယ်" ဟု ပြောသည်။
Arakan photo ရခိုင်တွင် ဂတ်စ် အလျှံအပယ်ထွက်သော်လည်း ခံစားခွင့် မရသော ရခိုင်ပြည်သူများ၏ ဘ၀ (ဓါတ်ပုံ- နိရဉ္စရာ)
လက်ရှိ ရခိုင်ပြည်ရှိ ပြည်သူ အများစုဘ၀မှာ အထူး ကျပ်တည်းမူနိုင် ရင်ဆိုင်နေကြရပြီး တစ်ချို့ မိသားစုများမှာ သားသမီးများကို အရွယ်ရောက်လာသော်လည်း ကျောင်းမထားနိုင်ကြဘဲ ဖြစ်နေပြီး ဒေသအများအပြားတွင် ထမင်းနပ်မမှန်သော မိသားစုများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်တမ်း အရ ရခိုင်ပြည်နယ်ပြီးလျှင် တတိယ အဆင်းရဲ အနွမ်းပါးဆုံး ဒေသမှာ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့ ဖြစ်ပြီး ၃၃ ရာခိုင်နှုန်းစီရှိကာ ဧရာဝတီတိုင်းမှာ ၃၂ ရာခိုင်နှုန်း အသီးသီးရှိကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုမှာ မြို့ပြထက်များပြားသည့် အနေအထားရှိပြီး မြို့ပြ၏ ဆင်းရဲ နွမ်းပါးမှု အခြေအနေမှာ လျော့ကျသွားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏လူဦးရေသည် သန်း ၆၀ ခန့်ရှိပြီး ကျေးလက်နေ ပြည်သူမှာ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဆင်းရဲနွမ်းပါးမှုအခြေအနေကို တိုင်းတာရာတွင်အိမ်ထောင်စု တစ်စုချင်းအလိုက် စစ်တမ်း ကောက်ယူခြင်းဖြစ်ပြီး နေထိုင်မှု အခြေအနေ၊ ဝင်ငွေရရှိမှု၊ အလုပ်အကိုင် အနေအထား စသည်တို့ကို စာရင်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ဆင်းရဲနွမ်းပါးမှုသည် ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ဆင်းရဲ ချမ်းသာ ကွာဟမှု အချိုးမှာ ၂၀ဝ၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ၃၅ ရာခိုင်နှုန်းခန့် ကျဆင်း သွားခဲ့သည်ဟု ကမ္ဘာ့ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ်(UNDP)နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုများ၏ စားဝတ် နေရေး အခြေအနေ ဘက်စုံလေ့လာမှု စစ်တမ်းအရ သိရသည်။

Source: narinjara

တပတ်ကျော်ကြာ ကျိုးပျက်နေသော ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ယမန်နေ့က ပြန်လည် ပြုပြင်ပြီးစီးသွားပြီ ဖြစ်သဖြင့် ကားများ ပုံမှန်အတိုင်း သွားလာနေကြပြီ ဖြစ်ကြောင်း သိရသည်။

Arakan-photo မောင်တောမြို့ဝင် ဆိုင်းဘုတ်အနီး ကျိုးပျက်သွားသော တံတားကို ယာယီပြုပြင်ထားသည်ကို မြင်ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
မောင်တောမှ ကားပိုင်ရှင် တစ်ဦးက " လမ်းကတော့ မနေ့က ပြင်ပြီးသွားပါတယ်။ ဒါကြောင့် ကားကြီးတွေရော သွားလာလို့ ရသွားပါပြီ။ ဒါပေမယ့် နောက်ထပ် မိုးရွာရင် နောက်ထပ် ပျက်မယ့် အခြေအနေရှိနေပါတယ်" ဟု ပြောသည်။

ဘူးသီးတောင်-မောင်တောကားလမ်းမှာ လွန်ခဲ့သော အပတ်မှ စပြီး မိုးအဆက်မပြတ်ရွာသွန်းမူကြောင့် နေရာ နှစ်နေရာတွင် ကားလမ်း ကျိုးပျက်သွားခဲ့သည်။

" လမ်းကျိုးသွားတာက မောင်တောက အထွက် မြို့ဝင် ဆိုင်းဘုတ်မှာ ဖြစ်ပါတယ်။ နောက်တနေရာက တောင်ခေါင်းကြီး အ၀မှာ မြေပြိုပြီး လမ်းပိတ်သွားခဲ့ပါတယ်။ မြေပြိုတဲ့နေ့က ဆိုရင် ဟိုင်းလပ်ကား တစ်စီးလည်း မြေထဲ နစ်သွားခဲ့ပါတယ်။ လူတွေကတော့ ထွက်ပြေးနိုင်ခဲ့တဲ့ အတွက် ဘာမှ ထိခိုက်မူ မရှိခဲ့ပါဘူး" ဟု ပြောသည်။

ဘူးသီးတောင်- မောင်တောကားလမ်းမှာ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တခုတည်းသော ကုန်သွယ်ရေး ကားလမ်း ဖြစ်ပြီး အစိုးရမှ မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့်နှစ်စဉ် မိုးရာသီတွင် ပြိုပျက်လေ့ရှိသည်။

တစ်ခြား စီးပွားရေး လုပ်နေသူ လူငယ် တစ်ဦးကလည်း ကားလမ်းကျိုးပျက်သွားသဖြင့် ခရီးသွားပြည်သူများ ဒုက္ခရောက်ကြရပုံကို ယခုကဲ့သို့ ပြောသည်။

" ဘူးသီးတောင်နဲ့ မောင်တော အကြား သွားလာလို့ ရတာက လမ်းက ဒီတလမ်းဘဲရှိပါတယ်။ ဒီလမ်းကို အသုံးပြုပြီး လူတွေက ဘင်္ဂလာဒေခ်ျ့နဲ့ ကုန်သွယ်တဲ့ နေကြရတာ ဖြစ်ပါတယ်။ လမ်းက ကျိုးသွားတော့ ကားတွေက သွားလို့ မရ ဖြစ်သွားတယ်။ လူတွေက ကားစီး၊ ခြေနဲ့ လျောက်၊ နောက်ထပ် ကားစီး အဲသလိုမျိုး သွားလာကြရပါတယ်။ အတက်အဆင်းနဲ့ အထုတ်အပိုးတွေနဲ့ သွားလာရတော့ လူတွေက အရမ်းပင်ပန်းပါတယ်" ဟု ပြောသည်။

ကားလမ်းကျိုးသွားသဖြင့် မောင်တောဘက်ခြမ်းတွင် ဆန်အပါအ၀င်စားသုံး ကုန်ပစ္စည်းများလည်း အနည်းငယ် ဈေးမြှင့်တက်သွားကြောင်း သိရသည်။

ဘူးသီးတောင်- မောင်တော ကားလမ်းမှာ ၁၆ မိုင်သာရှိပြီး ရခိုင်ပြည်နယ် အတွင်း လူအများဆုံး အသုံးပြုနေသော ဟောင်းနွမ်းနေသော ကားလမ်း တစ်ခု ဖြစ်သည်။ အဆိုပါ ကားလမ်းကို အုပ်ချုပ်သူ အစိုးရ အဆက်ဆက်မှ စနစ်တကျ ပြန်လည် ပြုပြင် တည်ဆောက်ခြင်း မရှိသည့် အပြင် မောင်တောမှ စစ်တွေကို တိုက်ရိုက်သွားလာနိုင်သော မောင်တော- အငုံမော် လမ်းသစ်အားလည်း ဖေါက်လုပ်ပေးခြင်း မရှိသဖြင့် ဒေသအတွင်းက လူများမှာ မိုးရာသီ ခရီးသွားလာရာတွင် အထူး အခက်အခဲနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။ 


Source: narinjara

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ တခြား နယ်မြေတွေက ဒုက္ခသည်တွေ အရေးအတွက် အထူး စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက မနေ့က ပြောလိုက်ပါတယ်။

KIO
ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလုံလာတဲ့ ကချင် တိုင်းရင်းသားဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလုံရေး စခန်းတွေမှာ ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။
အမေရိကန် အစိုးရ အနေနဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အနေနဲ့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တခြား လိုအပ်ချက်တွေကို ကူညီ စောင့်ရှောက်ပေးဖို့လည်း အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ တရုပ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေကြရပြီး တရုပ်အစိုးရ အနေနဲ့ ကြားဝင် စေ့စပ်ပေးဖို့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က တောင်းဆိုထားတယ်လို့ သိရပါတယ်။
Source: RFA

မြန်မာနိုင်ငံမှ မြို့ကြီး သုံးမြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမူများကို ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ခေါင်းကြီးပိုင်းက ဖေါ်ပြသည်။

Blast-Mandalay
ယခင်က မြန်မာ သတင်းများကို ရံဖန် ရံခါ ဖေါ်ပြလေ့ရှိသော ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ယခု ဗုံးပေါက်ကွဲမူကို ခေါင်းကြီးပိုင်းမှ စာလုံးမဲများဖြင့် ထည့်သွင်းဖေါ်ပြခဲ့သည်။

ဘင်္ဂလာဒေခ်ျ့တွင် နာမည်ကြီး သတင်းစာ တစ်စောင် ဖြစ်သော The Dailystar တွင် နောက်ကျောဖုံး တွင် ဗုံးပေါက်ကွဲ ဓါတ်ပုံနှင့် တကွ ဖေါ်ပြပြီး The Independent ကလည်း အတွင်း စာမျက်နာတွင် ဓါတ်ပုံနှင့် တကွ စာလုံးမဲကြီးများ ဖေါ်ပြသည်။

The Dailystar သတင်းစာက Reuters ကရေးသားသော Explosions Rock Myanmar Cities ခေါင်းစဉ်ဖြင့် ရေးသားဖေါ်ပြပြီး The Independent က AFP သတင်း Bomb blasts rock Myanmar Cities ဖြင့် ရေးသား ဖေါ်ပြသည်။

တခြား ဘင်္ဂလီ သတင်းစာများတွင်လည်း မြန်မာဗုံးကွဲမူ သတင်းကို သတင်းဌာန အများအပြားကို ကိုးကားပြီး ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြကြသည်။

သတင်းစာ အမြဲ ဖတ်သူ တစ်ဦးဖြစ်သည့် ကျောင်းဆရာ အာရှရက်က သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။

“ အိမ်နီးချင်း မြန်မာအကြောင်းကိုတော့ ဒီနိုင်ငံက လူတော်တော်များများ သိပါတယ်။ အဓိက အားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့၊ နောက်တစ်ခုက အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက် နေတဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေကြောင့်ပါ။ ဒီလို မြန်မာနိုင်ငံမှာ အကြီးအကျယ် ဗုံးကွဲတာကို ဓါတ်ပုံတွေနဲ့ မြင်ရတာကတော့ ပထမဆုံး အကြိမ်ပါဘဲ။ ပါကိစ္စတန်၊ အီရတ်စတဲ့ နိုင်ငံတွေမှာလို ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုမှာ အကြီးအကျယ် ဗုံးကွဲတာကို မြင်ရတာဟာ ဒီနိုင်ငံက လူတွေကို စိတ်ဝင်စားစေပါတယ်” ဟု ပြောသည်။

သတင်းစာ ဖတ်သူ အများစု ဘင်္ဂလီ ပြည်သူများမှာ မြန်မာ ဗုံးပေါက်ကွဲမူ သတင်းကို ယနေ့တွင် တခြား သတင်းများထက် စိတ်ဝင်တစား ရှိကြသည်ဟု သိရသည်။ 

  Source: narinjara

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ် လုပ်ငန်းခွင်များမှ ထွက်သော စွန့်ပစ်ပစ္စည်းများအား လူနေကျေးရွာအနီး၌ စည်းကမ်းမဲ့ စွန့်ပစ်နေခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားသော်လည်း အရေးယူမှုမရှိဟု ဒေသခံများက ပြောသည်။

Deep_seaport_01
တည်ဆောက်ဆဲ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း (ဓာတ်ပုံ - ဧရာဝတီ)

ကျောက်ဖြူမြို့ ကံ့ကော်တော ဘုရားအနီး တည်ဆောက်နေသော သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ စီမံကိန်း လုပ်ငန်းခွင်များ၌ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံသား တရာကျော်နှင့် မြန်မာနိုင်ငံတွင်းမှ ကုမ္ပဏီတချို့၏ ၀န်ထမ်းများ နေထိုင်လုပ်ကိုင်ကြောင်း သိရသည်။

“အဲဒီလူတရာကျော်ရဲ့ စားကြွင်းစားကျန်တွေ၊ အဲဒီလူတွေသုံးတဲ့ အိမ်သာက မိလ္လာတွေ၊ အသုံးအဆောင် စွန့်ပစ်ပစ္စည်းတွေကို ကံ့ကော်တော ဘုရားနဲ့ နီးစပ်နေတဲ့ အုန်းတောနဲ့ ဂုံးချိန် ရွာနားက ချောင်းထဲကို နေ့တိုင်းလာစွန့်ပစ်နေတယ်”ဟု အုန်းတောရွာသားတဦးက ဧရာဝတီကို ပြောသည်။

အဆိုပါ စွန့်ပစ် ပစ္စည်းများမှ ထွက်သော အနံ့ဆိုးများကြောင့် ရွာသားများသည် နေထိုင်မရအောင်ပင် ကြုံနေကြရကြောင်း၊ အထူးသဖြင့် မိုးရွာသောနေ့များတွင် ပိုမိုဆိုးရွားကြောင်း၊ ထို့ကြောင့် အုန်းတောရွာသား တရာဝန်းကျင်နှင့် ဒေသခံများ၊ ဒေသခံ သံဃာတော်များက စုပေါင်းလက်မှတ်ထိုး၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးများထံ ဇွန်လ ၁၄ ရက်နေ့တွင် တိုင်ကြားသော်လည်း ၎င်းတို့၌ ပြောဆို ဟန့်တားပိုင်ခွင့် မရှိဟု ပြန်လည်ပြောဆိုကြောင်း ဒေသခံများက ပြောပြသည်။

“ဒေသဆိုင်ရာတွေက တာဝန်ယူမှုမရှိလို့ ဇွန်လ ၁၈ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို ထပ်မံတိုင်ပါတယ်။ ၀န်ကြီးချုပ် ကလည်း ဘာမှအရေးယူပြောဆိုတာ မရှိဘူး”ဟု အုန်းတောရွာခံက ဆိုသည်။

ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပြည်နယ်အစိုးရက အရေးယူမှုမရှိ၍ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည် တော်ရှိ ဗဟိုအစိုးရထံ ထပ်မံတိုင်ကြားသွားမည်ဟု ဒေသခံများက ပြောသည်။

“တိုင်စာတွေတော့ ရထားပြီးပါပြီ၊ ပြည်နယ်အစိုးရနဲ့ ဆွေးနွေးဖို့ ဆောင်ရွက်နေပါတယ်၊ ပြည်နယ်အစိုးရ အနေနဲ့တော့ အရေး ယူမှု လုပ်နိုင်မယ်မထင်ဘူး၊ နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေမှာလည်းပဲ ဒီကိစ္စကိုပြောထားပါတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP)၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ကျောက်ဖြူမြို့ခံ ဦးဘရှင်က ပြော သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ဆက်နွယ်နေသောလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၊ ပြည်တွင်း ၊ ပြည်ပ နိုင်ငံသားများ၊ အာဏာပိုင်များအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ ဒေသခံပြည်သူလူထုအား ထိခိုက်နစ်နာ စေ မည့် ကိစ္စများ မဖြစ်ပေါ်စေရေးကို အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးဘရှင်က ဆိုသည်။

ကျောက်ဖြူမြို့အနီးရှိ မဒေးကျွန်းပေါ်မှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းမည့် မဒေးကျွန်းအနီးရှိ ပင်လယ်ပြင်၌ တည်ရှိသော ကျောက်ဆောင်၊ ကျောက်တန်း အများအပြားကိုလည်း ဒိုင်းနမိုက် ကိရိယာများအသုံးပြုကာ ဖြိုခွဲ ဖျက်ဆီး ခဲ့မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခဲ့သည့်အပြင် ရေနေ သတ္တ၀ါ အများအပြားကို သေဆုံးစေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု မရှိသေးကြောင်း၊ တာဝန်ရှိသူများ၏ စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စာရွက်စာတမ်းများ၌ ရေးသားထားချက်များသည် ကောင်းမွန်သော်လည်း လက်တွေ့လိုက်နာမှု အားနည်းသေးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ပညာရှင် ဦးအုန်းက ပြောသည်။

ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ်နေသော လုပ်ငန်းခွင်များ၌ တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီ တခုဖြစ်သော တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(China National Petroleum Corporation-CNPC) ကုမ္ပဏီက ဦးဆောင်ကာ၂၀၁၀ ပြည့် နှစ် အောက်တိုဘာလမှ စ၍ အကောင်ထည်ဖော် တည်ဆောက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် အပြီး တည်ဆောက်မည်ဟု အစိုးရ သတင်းစာများ၌ ရေးသားခဲ့သည်။

Deep_seaport_02
ကျောက်ဖြူ ရေနက် ဆိပ်ကမ်း လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ဧရာဝတီ)

ထိုစီမံကိန်းများပြီးစီးပါက ကျောက်ဖြူမြို့မှ တရုတ်နိုင်သို့ တနှစ်လျှင် သဘာဝဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနှင့် ရေနံစိမ်း စည် ၄၀၀၀၀၀ ခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

CNPC ကုမ္ပဏီ အပြင် PSC ကုမ္ပဏီ၊ MNG ၊ Hyundia Myint and Associate ၊ ဒေ၀ူး၊ မြန်မာ့ ရွှေသရဖူ၊ အေးရှားဝေါလ် စသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများက လုပ်ဆောင်နေကြကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့တာဝန်ခံ ကိုဝင်းအောင် က ပြောသည်။

စီမံကိန်းလုပ်ငန်းခွင်များ၌လည်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ လုပ်အားခ ဖြတ်တောက် ခေါင်းပုံဖြတ်မှုများရှိနေပြီး ထိုကိစ္စများကို မကျေနပ်၍ သက်ဆိုင်ရာကို တိုင်ကြားခဲ့သည့် အလုပ်သမား ၁၀၀ ၀န်းကျင်ကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း ကိုဝင်းအောင် က ဆိုသည်။

ယင်းစီမံကိန်း လုပ်ငန်းခွင်များ၌ လုပ်ကိုင်နေသော ဒေသခံ အလုပ်သမားတချို့၏အဆိုအရ ၎င်းတို့သည် မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ အလုပ်လုပ်ကြရပြီး တနေ့လုပ်အားခမှာ ကျပ် ၁၅၀၀ မှ ၂၅၀၀ သာ ရရှိကြောင်း၊ အလုပ်သမား တဦး အတွက် တရားဝင်လုပ်အားခကို ကျပ် ၅၀၀၀ ဟု သတ်မှတ်ထားသော်လည်း ဒေသ အာဏာပိုင်များနှင့်ကြီးကြပ်သူ မြန်မာနိုင်ငံ သားများက ခေါင်းပုံဖြတ်သည်ဟု သိရသည်။
Source:irrawaddy

မောင်ရမ္မာ
----------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လေဘေးသင့် ဒေသမှ လယ်သမားများအား NGO များက မျိုးစပါး အတွက် ငွေများ ထောက်ပံ့ ကူညီနေကြောင်း သတင်းရရှိသည်။

Cyclone giri photo
လယ်ပိုင်ဆိုင်မူ အနည်း အများ အပေါ်တွင် မူတည်ပြီး ထောက်ပံ့ကူညီနေကြောင်း ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။

" လယ်သမားတွေကို ငွေထောက်ပံ့နေတဲ့ NGO တွေကတော့ Save the Children ၊ ပေါင်းကူး အန်ဂျီအိုနဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့တွေ ဖြစ်ပါတယ်။ သူတို့က စိုက်ပျိုး စရိတ် အတွက် ငွေတွေကို အလကား ထောက်ပံ့ ကူညီ ပေးနေတာ ဖြစ်ပါတယ်။ လယ်ပိုင်ဆိုင်မှု အနည်းအများ အပေါ်မှာ မူတည်ပြီးတော့ ကျပ်ငွေ သုံးသောင်းကနေ ခြောက်သောင်းထိ ထုတ်ပေးပါတယ်။ အဲဒီလို ထောက်ပံ့ ကူညီပေးနေတဲ့ အတွက် ကျွန်တော်တို့လယ်သမားတွေ အဆင်ပြေသွားတာပေါ့"ဟု သူက ပြောသည်။

အဆိုပါ အန်ဂျီအိုများမှ ထောက်ပံ့ပေးနေသော စိုက်ပျိုးစရိတ် ငွေများမှာ အကူအညီ သက်သက် ပေးနေခြင်း ဖြစ်ပြီး ပြန်လည် ပေးဆပ်ရန်မလိုဟု သိရသည်။

" အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ငွေထုတ်ချေး ပေးတာလည်း ရှိပါတယ်။ လယ်သမားတယောက်ကို ခြောက် သောင်းအထိ ထုတ်ချေးပေးပါတယ်။ ဒါပေမယ့် လယ်သမားတိုင်း မရပါဘူး။ အထူး သဖြင့်တော့ သူတို့နဲ့ နီးစပ်တဲ့ လူတွေကို ထုတ်ချေးပေးတာများ ပါတယ်။ အဲဒီချေးငွေတွေကိုတော့ လာမည့်နှစ် စပါးသိမ်းပြီးတဲ့ အချိန်မှာ ပြန်ဆပ်ရမှာ ဖြစ်ပါတယ်" ဟု အဆိုပါ လယ်သမားက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း ယခု NGO များမှ ငွေထောက်ပံ့မူကို လက်ခံရရှိနေသော ကျေးရွာများမှာ ဂုံးရွှင်အုပ်စု၊ အုန်းတောအုပ်စု၊ မင်းတပ်တောင်အုပ်စု၊ ကမ်းတီးအုပ်စု၊ လိပ်ခမော်အုပ်စု၊ ကလဘာအုပ်စု၊ စိုင်ခြုံအုပ်စု၊ အူချေအုပ်စု၊ နှမ်းဖဲတောင်အုပ်စုနှင့် မင်းပြင်အုပ်စုတို့ ဖြစ်သည်။

Save the Children အန်ဂျီအိုအဖွဲ့သည် မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော တာတမံများကို ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေများ ထောက်ပံ့ ကူညီနေသော အဖွဲ့ဖြစ်သည်။

အလားတူ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှလည်း မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသော မြေပုံမြို့နယ်မှ လယ်သမားများနှင့် ဂွမြို့နယ်မှ လယ်သမားများအား စိုက်ပျိုးစရိတ်ငွေများ ထောက်ပံ့ပေးနေသည်ဟု သိရှိရသည်။ 

  Source: narinjara

မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ၆ လကြာ ရပ်နားရတော့မည်ဟု အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများက ပြောသည်။

တရားမ၀င် နေထိုင်သူများကို တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ပေးရန် မလေးရှားအစိုးရက စီစဉ်နေသဖြင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး ထိုသို့ ရပ်နားမည်ဟု သိရကြောင်း မလေးရှားအခြေစိုက် မဟာနန်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

“မြန်မာသံရုံးက ကျနော်တို့ဆီကို တရားဝင် စာပို့ပြီး အကြောင်းကြားထားတာပါ” ဟု မဟာနန်းမှ ကိုမျိုးက ရှင်းပြသည်။

ထိုကာလအတွင်း ကုမ္ပဏီတို့၏ အလုပ်သမားတင်ပို့ရေး လျှောက်လွှာများကို  မြန်မာအစိုးရက လက်ခံမည် မဟုတ်ကြောင်း စာတွင် ဖော်ပြထားသည်ဟု သိရသည်။

ဤအပြောင်းအလဲကြောင့် မလေးရှားသို့  လာရောက် အလုပ် လုပ်ကိုင်ရန် ပြင်ဆင်နေသူများ ထိခိုက် နစ်နာမည်ဟု အလုပ်သမား ရေးရာ ကုမ္ပဏီများက ပြောသည်။

“ပွဲစားတွေက သူတို့ပွဲစားခကို ကြိုသုံးထားလိုက်လို့ ပြန်မအမ်းနိုင်တာတွေ ဖြစ်လာနိုင်တယ်။ အလိမ်အခေါက်တွေ ပိုများလာနိုင်တယ်။ ကုမ္ပဏီတွေလည်း ပိတ်ရတဲ့အထိ ဖြစ်လာနိုင်တယ်” ဟု မလေးရှားရှိ ပုဂံနက် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

၆ လတာ ကာလအတွင်း နစ်နာမည့်သူများထဲတွင် လေကြောင်းလိုင်းတချို့ နှင့် ရန်ကုန်မှ အလုပ်သမား ပို့ဆောင်ရေး ကုမ္ပဏီများ ပါဝင်မည်ဟု သိရသည်။

မလေးရှားသို့  တရားဝင် စာရွက်စာတမ်းများ ရယူပြီး သွားရောက်ခြင်းကို အပေါ်လမ်းဟု ခေါ်ပြီး နယ်စပ်မှ လျှို့ဝှက် သွားရောက်ခြင်းကို အောက်လမ်းဟု ခေါ်ကြသည်။

ယခုကဲ့သို့ တရားဝင်လမ်းကြောင်းကို လအတန်ကြာ ပိတ်ပင်မည့် ကာလအတွင်း မလေးရှားသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက်သူ များပြားလာမည်ဟု သုံးသပ်သူလည်း ရှိသည်။

“မြန်မာနိုင်ငံမှာက စီးပွားရေး ကျပ်တည်းတော့ အရဲစွန့်ပြီး ထွက်လာကြတာပေါ့။ ပြန်သွားပြီး ပြန်မလာတော့ဘူးလို့ ဆိုတဲ့သူတွေတောင် ပြန်ရောက်လာကြတယ်” ဟု မလေးရှားရောက် မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသော Burma Campaign Malaysia (BCM)မှ ကိုရန်နိုင်ထွန်းက ပြောသည်။

မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု BCM အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှတဆင့် ၀င်ရောက်သော မြန်မာပြည်သားအရေအတွက်မှာ နှစ်စဉ် ငါးထောင်ဝန်းကျင် ရှိသည်ဟုလည်း BCM က ဆိုသည်။
Source: irrawaddy

မောင်အေး
-------------
စစ်တွေ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ၂၄ ဦး ကျောင်းထုတ်ခံရကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ကျောင်းထုတ်ခံရခြင်းကို စစ်တွေ တက္ကသိုလ်ကျောင်းသားတစ်ဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။


sittwe-university
"Semester one နှစ်ဝက် စာမေးပွဲ စစ်တဲ့ နေရာမှာ စာကူးချတဲ့ အတွက် ဖြစ်ပါတယ်။ ရူပဗေဒ ၉ ဦး၊ သတ္တဗေဒ က ၁၀ ဦးနဲ့ တခြား ဘာသာရပ်တွေက ၅ ဦး ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ကျောင်းထုတ်ခံရသော ကျောင်းသားများမှာ တတိယနှစ် ကျောင်းသားများ ဖြစ်ကြပြီး ယခုအပတ်အတွင်းက ကျောင်းထုတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်မှလည်း ကျောင်းထုတ်ခံရခြင်းကို အတည်ပြု ပြောကြားပြီး သူက " သာမန် ကျောင်းနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကြောင့် ကျောင်းထုတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ တခြား ကိစ္စရပ်တွေကြောင့်တော့ မဟုတ်ဘူးလို့ သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ကျနော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်" ဟု ပြောသည်။

ကျောင်းသားများ ကျောင်းထုတ်ခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။ 



Source: narinjara

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်း ပြည်သူလူထုမျာအား လုပ်အားပေး နေစေခိုင်းနေခြင်းကို ရခိုင်ပြည်နယ် ၀န်ကြီး တစ်ဦးမှ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ အတင်းအဓမ္မ ပြုလုပ်နေကြောင်း သိရသည်။

Road-in-Arakan ရခိုင်ပြည်နယ်တွင် ဖေါက်လုပ်နေသော ကျေးရွာဆက် လမ်းတလမ်း
ရမ်းဗြဲမြို့နယ် အတွင်း ရမ်းဗြဲ- ကျောက်နီမော်လမ်း၊ ရမ်းဗြဲ- လေးတောင်လမ်းနှင့် ရမ်းဗြဲ- ကျောက်ချောင်းလမ်းများကို မိုးတွင်းရာသီတွင် အပျက်အစီး မရှိစေရဟုဆိုကာ လမ်းများကို ပြုပြင်ခိုင်းရာ၌ ဒေသခံ လူထုအား အဖိုးအခ တစုံတရာ မပေးဘဲ စေခိုင်းနေခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ အရပ်လူကြီး တစ်ဦးက " အခု ခိုင်းနေတာကို ရခိုင် လယ်ယာ၊ သစ်တောနဲ့ ဆည်မြောင်း ၀န်ကြီး အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ခင်က ခိုင်းစေနေတာ ဖြစ်ပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စည်ပင်နဲ့ ပူးပေါင်းပြီး ဖိအားပေးကာ ရွာသားတွေကို စေခိုင်းနေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးကျော်ခင်သည် ရမ်းဗြဲအမှတ် (၁) ပြည်နယ် လွှတ်တော် အမတ်ဖြစ်ပြီး ကြံခိုင်ရေးပါတီ၏ အမာခံ တစ်ဦးလည်း ဖြစ်သည်။ ယခုအခါ ဦးကျော်ခင်မှာ ရမ်းဗြဲမြို့သို့ ရောက်ရှိနေပြီး လမ်းများ ပြုပြင်ရေးကို ကြီးကြပ် ဆောင်ရွက်နေကြောင်း သိရသည်။

" ရွာသားတွေကို ခင်ဗျားတို့ လမ်းကို ကျုပ်တို့က ပိုက်ဆံမပေးနိုင်ဘူး။ ခင်ဗျားတို့ လမ်းကို ခင်ဗျားတို့ ခင်းရမယ်။ ခင်ဗျားတို့ ကိုယ်တိုင် ပျက်တဲ့လမ်းတွေကို လုပ်ရမယ် ဆိုပြီး အဲဒီလို ပြောပြီးတော့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှပ်ပြီး လုပ်နေပါတယ် ခင်ဗျား။ လမ်းတိုင်းမှာ ရွာသားတွေကို အတင်းခိုင်းပြီး လုပ်နေပါတယ် ခင်ဗျား" ဟု တခြား ကျေးရွာ သား တစ်ဦးကလည်း ပြောသည်။

ယခု လုပ်အားပေး စေခိုင်းခံနေရသော ကျေးရွာသားများမှာ ရမ်းဗြဲ - ကျောက်နီမော်လမ်း၊ ရမ်းဗြဲ- လေးတောင်လမ်းနှင့် ရမ်းဗြဲ- ကျောက်ချောင်းလမ်း တလျှောက်တွင် တည်ရှိသော ကျေးရွာများမှ ဖြစ်ကြသည်။

" ရမ်းဗြဲက အထွက်ကျေးရွာတွေ အကုန်လုံးက လူတွေကို ခိုင်းနေပါတယ်။ ရမ်းဗြဲ ကျောက်နီမော် လမ်းက အပိုင်းလိုက် အပိုင်းလိုက် ပြုပြင်နေပြီးတော့ ရမ်းဗြဲ လေးတောင်လမ်းက တစ်ခုလုံးကို ပြန်ပြင်နေပါတယ်။ အဲသလို ပြင်တဲ့နေရာမှာ ကျေးရွာသားတွေကို ခိုင်းနေတာ ဖြစ်ပါတယ်။"

ယခုကဲ့သို့ လုပ်အားပေး စေခိုင်းနေခြင်းကို ကျေးရွားများမှ ပြည်နယ် အဆင့်ဆိုင်ရာ အထက်လူကြီးများသို့ အသိပေး အကြောင်းကြားစာများ ရေးသားပေးပို့ထားကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ပြည်နယ် အဆင့် တာဝန်ရှိသူ အမတ် တစ်ဦးမှလည်း ပြည်နယ် ၀န်ကြီး တစ်ဦးဖြစ်သူ ဦးကျော်ခင်မှ လုပ်အားပေး စေခိုင်းနေခြင်းကို အတည်ပြု ပြောကြားပြီး ယခုအခါ တိုင်ကြားစာကို လက်ခံ ရရှိထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

၎င်းပြင် ဦးကျော်ခင်သည် ပြည်သူ့လွှတ်တော် အမတ် ဦးလှထူးနှင့် မြို့နယ် စည်ပင် ဦးစီးမှူး ဦးဌေးခင်တို့ ပူးပေါင်းပြီး လမ်းများတွင် မောင်းတံများ တပ်ဆင်ကာ ကားတစ်စီးကို ကျပ် ၁၀၀၀ နှင့် မော်တော် ဆိုင်ကယ် တစ်စီးကို ကျပ် ၂၀၀ စီကောက်ခံနေကြောင်းလည်း ကျေးရွာသားများက ပြောသည်။

ထိုကဲ့သို့ကောက်ခံနေသဖြင့် မော်တော်ဆိုင်ကယ် စီး၍ ကျောင်းတက် ကျောင်းဆင်း ပြုလုပ်သူ ဆရာများနှင့်လည်း မကြာခဏ ပြဿနာများ ပေါ်ပေါက်နေကြောင်း သိရသည်။ တခြား လူငယ် တစ်ဦးကလည်း ရမ်းဗြဲ ကျောက်နီမော် ကားလမ်းတွင် ငွေကောက်ခံနေခြင်းကို အတည် ပြု ပြောကြားသည်။

" ကားတစီးကို ၁၀၀၀ကျပ်၊ ဆိုင်ကယ် တစီး ၂၀၀ ကျပ် ကောက် ခံပါတယ်။ အဲဒီပိုက်ဆံတွေကို သူတို့နဲ့ အလွန်ရင်းနှီးတဲ့ ကိုကုလား ဆိုသူက ကောက်နေပါတယ်။ ကိုကုလားဆိုတာ နာမည်ပါ။ သူက ရခိုင်လူမျိုးပါ။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထူးရယ် ပြည်နယ်ဦးစီး ဦးဌေးခင်ရယ် တို့ရဲ့ အတွင်းလူပါ" ဟု ပြောသည်။

ရမ်းဗြဲ- ကျောက်နီမော် လမ်းကို ယမန်နှစ်က အစိုးရမှ တာဝန်ယူ တည်ဆောက်ပေးခဲ့သော်လည်း အစိုးရဘတ်ဂျက်နှင့် မလုံလောက်ဟု ဆိုကာ ဦးကျော်ခင်က အနီးအနားကျေးရွာများတွင်နေထိုင်သူ အိမ်ထောင်စု တခုစီမှ ကျပ် ၇၀၀၀ နှင့် ကျပ် ၁၀၀၀၀ စီကောက်ခံခဲ့သည်ဟု သိရသည်။ 

Source: narinjara

ရွှေမန်းသူ။      ။ မြန်မာဒုက္ခသည်များအပေါ် ဆက်ဆံရေး တိုးတက်လာတာနှင့် ပါက်သက်ပြီး ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ (RI) ၏ အစီရင်ခံစာကို မလေးရှားနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တခုဖြစ်သည့် တီနာဂါနိသ (Tenaganita) မှ ထောက်ခံခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် မြန်မာဒုက္ခသည်များအပေါ် အခြေခံ၍ မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်အတွင်း မလေးရှား အာဏာပိုင်များသည် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အသိအမှတ်ပြုကဒ်ပြား ကိုင်ဆောင်ထားသူများအား ဖမ်းဆီးခြင်း၊ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ရုတ်တရက် ၀င်ရောက် ဖမ်းဆီးခြင်းများ လျော့နည်းသွားခြင်း၊ ဒုက္ခသည်များအား ပြည်နှင်ဒဏ် ပေးခြင်းများ အတင်းအကြပ် မပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
မလေးရှား နိုင်ငံအတွင်းရှိ ဒုက္ခသည်များအပေါ် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုသော်လည်း ယင်းအခြေခံကောင်းများကို အခြေခံ၍ ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ပေးဖို့ အများကြီး လိုအပ်နေပါသေးတယ်လို့ အိုင်ရင်း ဖာနန်ဒက် (Aegile Fernandez) မှ ပြောကြားခဲ့သည်။
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အသိအမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားသူများ၊ အထူးသဖြင့် မြန်မာ ဒုက္ခသည်များကိုပင် မလေးရှားနှင့် ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ အတင်းအကျပ် ပြန်ပို့ခြင်းများ ပြီးခဲ့နှစ်အတွင်း လုံးလုံးလျားလျား လျော့ကျသွားခဲ့တယ်လို့ ဖာနန်ဒက် မှ ထပ်မံ ပြောကြားခဲ့သည်။
UNHCR ရုံးမှ မှတ်ပုံတင်ပေးခြင်း မခံရသော ဒုက္ခသည် အများစုသည် နယ်စပ် ဖြတ်ကျော်ပြီး ပြန်ပို့နေသေး ကြောင်း သူမမှ ထပ်မံ ပြောကြားခဲ့သည်။ UNHCR မလေးရှား ၀ပ်ဆိုဒ်၏ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလအထိ မှတ်တမ်းများအရ မှတ်ပုံတင်ခွင့်မရသည့် ဒုက္ခသည် စုစုပေါင်း တစ်သောင်းခန့် ရှိသေးကြောင်း ဖော်ပြခဲ့သည်။
လ၀က ဖမ်းဆီးမှုများ လျော့နည်းသွားခဲ့သော်လည်း ဖမ်းဆီးခံရသူများ မြန်မြန် ပြန်လွတ်ပေးဖို့အတွက် အာဏာပိုင်များကို ငွေပေးမှာသာလျှင် ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရသူများမှ တဆင့် သိခဲ့ရကြောင်း သူမမှ ဖြည့်စွပ် ပြောကြားခဲ့သည်။
ယခုလို အစီရင်ခံစာ ထွက်ပေါ်လာသည့်အတွက် ရေလာ (Rela)များ၏ ဒုက္ခသည်များအပေါ် ဆက်ဆံမှု ပြောင်းလဲ တိုးတက်လာတယ်လို့ သူမမှ ထပ်မံ ပြောကြားခဲ့သည်။
မလေးရှားသည် ဒုက္ခသည်များနှင့်ပါတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားသော နိုင်ငံတနိုင်ငံဖြစ်တယ်လို့ အစီရင်ခံစာများလည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။ ဥပမာအားဖြင့် ဒုက္ခသည်များ၊ UNHCR အသိအမှတ်ပြု ကဒ်ပြား ကိုင်ဆောင်ထားသော သူများကို တရားမ၀င် ရွှေ့ပြောင်းလာသူများဖြစ်တယ်လို့ ရေလာ (Rela) များက မှားယွင်းစွာ ဖမ်းဆီး ထောင်ချခြင်းများ ရှိခဲ့သည်။
၂၀၀၉ ခုနှစ် – ၂၀၁၁ ခုနှစ် ဧပြီလ အထိ မလေးရှား နိုင်ငံအတွင်း မှတ်ပုံတင်ထားပြီးသော ဒုက္ခသည် စုစုပေါင်း ၄၅၀၀ မှ ၈၀၀၀၀ အထိ တိုးလာခဲ့ကြောင်း RI ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများ ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများမှာ ချင်း၊ ကရင် တို့ဖြစ်ပြီး သူတို့သည် စနစ်တကျ ညှင်းပန်းနှိပ်စက်ခံသူများ ဖြစ်ကြသည်။
ပြည်တွင်း ဒုက္ခသည်များအား ထောက်ခံအားပေးသော အဖွဲ့အစည်းများ၏ မကြာခဏ တောင်းဆို အကြံပေးမှုများအရ ဒုက္ခသည်များအပေါ် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုများကို မူဝါဒများအဖြစ် ဥပဒေကြောင်းအရ ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ပေးဖို့ နှင့် ဒုက္ခသည်များအား တရားဝင် နေထိုင်ခွင့်ပေးခြင်း၊ အလုပ်လုပ်ခွင့်ပေးခြင်းများကို အစိုးရတရပ်အနေနဲ့ အကောင်အထည်ဖော် လုပ်ဆောင်ပေးဖို့  အဆိုပါ အစီရင်ခံစာတွင် ထပ်မံ တောင်းဆိုထားသည်။
Source: သူရိယ


မလေးရှား UNHCR မှ ကြီးမှူးကျင်းပသော ကမ္ဘာ့ဒုက္ခသည်များနေ့ကို ကွာလာလန်ပူရှိ KL Central ရထားဘူးတာကြီးတွင် 18.06.2011 နေ့တွင် ပထမနေ့အဖြစ် နံနက် (၉) နာရီ မှ ညနေ (၄) လေးနာရီထိကျင်းပခဲ့ပါသည်။  ၄င်းအခမ်းအနားသို့ ရခိုင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ (ARRC) အပါအဝင် နိုင်ငံတကာမှ ဒုက္ခသည်အဖွဲ့အစည်းများ၊ တိုင်းရင်းသားဒုက္ခသည် အဖွဲ့အစည်းများမှတက်ရောက်ကြပြီး မိမိတို့၏ရိုးရာအကနှင့်အဆိုများဖြင့် တင်ဆက်ကပြခဲ့ကြသည်။ မိမိတို့ ရခိုင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီအနေဖြင့် အဆိုတော်ဝင်းကိုခိုင်၏ ရခိုင်သဘာဝတေးသံသီချင်းကို ကိုလင်းလင်းမှသီဆိုပြီး ARRC ကျောင်းမှ ကျောင်းသူလေးများမှ ရခိုင်ရိုးရာဆီမီးအကဖြင့်တက်ရောက်လာသော UNHCR မှ အရာရှိများ၊ မလေးရှားပြည်သူများနှင့် တိုင်းရင်းသားများကို ဖြေဖျော်ခဲ့ပါသည်။  UNHCR-Malaysia မှ ဒုက္ခသည်တို့၏ဘဝကို ဓာတ်ပုံများနှင့်ဝေဝေဆာဆာခင်းကျင်းပြသထားပြီး ဒုက္ခသည်ရံပုံငွေအဖြစ် အင်္ကျီများအားရောင်းချခဲ့ကြသည့်အပြင် ဒုက္ခသည်အဖွဲ့အစည်းများမှလည်း မိမိတို့၏ လက်မှုပစ္စည်းများကို ခင်းကျင်းရောင်းချခဲ့သည်။ ၄င်းအပြင် လာရောက်ကြည့်ရှုနေသော မလေးရှားနိုင်ငံသားများအား ဒုက္ခသည်နှင့်ပတ်သက်သောမေးခွန်းများကိုမေးပြီး အဖြေမှန်သူများအား လက်ဆောင်များချီးမြှင့်ခဲ့သည်။
UNHCR-Malaysia သည် ဒုက္ခသည်များနေ့ကိုနှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သော်လည်း ယခုကဲ့သို့ လူစည်ကားရာနေရာတွင် ကျင်းပခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပေသည်။ ၄င်းသည် မလေးရှားရှိ ဒုက္ခသည်များ၏ အခြေအနေကို ပြည်သူများနှင့်အာဏာပိုင်များ နားလည်သိရှိလာစေရန်ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်ခြင်းဖြစ်ပေသည်။ ဘယ်ကြောင့်ဆိုသော် မလေးရှားနိုင်ငံသည် ၁၉၅၇ခု ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်စာချူပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသောကြောင့် ဒုက္ခသည်များသည် မလေးရှားအစိုးရ၏ဖမ်းဆီးထိန်းသိမ်းကိုခြင်းကိုနေ့စဉ်နှင့်အမျှခံနေရပြီးအခက်အခဲပေါင်းများစွာကိုရင်ဆိုင်နေရသောကြောင့် မလေးရှားရှိ ဒုက္ခသည်များ၏အခြေအနေကိုနားလည်သဘောပေါက်လာစေရန်ဖြစ်သည်။ UNHCR-Malaysia မှ ထုတ်ပြန်ချက်အရ ယခုအခါတွင် မလေးရှားနိုင်ငံတွင် ဒုက္ခသည် ၉၀၀၀၀ ကျော်နေထိုင်လျှက်ရှိသည်။

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ဘဲငါးရာ တောင်အနီး ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ဘုရင့်ရတနာ သိုက်ကို ခေတ်မီ High Tech (NASA-Te- chnology Digital Image)နည်းဖြင့် ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ထုတ်ဖေါ် ရေးသားသည်။


images ပုဏ္ဍားကျွန်းမှ ဘဲငါးရာတောင် (ဓါတ်ပုံ- ရန်ကုန် မီဒီယာ)
မေသဇင်ဆိုသူ သတင်းထောက်ရေးသားသော သတင်းကို ဇွန်လ ၉ ရက်နေ့က ရန်ကုန် မီဒီယာ အုပ်စုက အင်တာနက် စာမျက်နာတွင် ထိုသို့ ထုတ်ဖေါ်ရေးသားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းတွင် ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ရတနာသိုက် နေရာကိုံငါ့ High Tech Geology (NASA ထုတ်ထားသော ဂြိုဟ်တု Lan-dsat-7 ETM+(2000) Di-gital Image Data ရှိ Spectrum လိုင်းများကို အထူးပြုလေ့လာခြင်း ဖြင့် ၎င်းင်းရတနာသိုက်များမြှုပ်နှံထားသည့် နေရာရှစ်နေရာတွေ့ရှိရသည်ဟု Global 9 Education မှသိရကြောင်း ဖေါ်ပြသည်။

ထို့ပြင် ယင်း နေရာများကို ကွင်းဆင်းတိုင်းတာပြီးမှ မြှုပ်နှံ သည့်နေရာကိုအတည် ပြုထားခြင်းဖြစ် ကြောင်း ဖေါ်ပြသည်။

''ဒီရှေးဟောင်းဘုရားတွေမြှုပ် နှံထားတဲ့နေရာကို တရားဝင်တူးဖော်ချင်ရင် နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုမိန့်တောင်း ခံရမယ်။ ပြီးရင် အဲဒီနေရာတွေကို ကွင်းဆင်း အသေးစိတ်တိုင်းထွာပြီးမှ စနစ်တကျ တူးဖော်သင့်ပါတယ်။ ရှေးဘုရင် တွေမြှုပ်နှံထားတဲ့ ရတနာသိုက်တကယ်ရှိပြီ ဆိုတာကိုတော့ အတည်ပြုလို့ရပါပြီ''ဟု ဒဂုံ တက္ကသိုလ်ဘူမိဗေဒဌာနမှအငြိမ်းစား ပါ မောက္ခ ဦးစိုးသိန်းက ပြောကြောင်း ဖေါ်ပြသည်။

ယင်းရတနာသိုက်နေရာအား လွန်ခဲ့သည့်ငါးလလောက်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရဟု ပြောသည်။

ဘဲငါးရာတောင်သည် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် ၁၆ မိုင်အကွာ ကုလားတန်မြစ် အနောက် ဘက်ကမ်း ယိုးတရုတ်စံပြကျေးရွာကြီးအနီး စစ်တွေ-ရန်ကုန်ကားလမ်းမကြီး၏ အနောက်ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။ တောင်ထိပ်၏ အမြင့်မှာ ပေ ၁၃၆၀ခန့် မြင့်မားပြီး အရှည် ၅၆၃ ပေ နှင့် အကျယ် ၄၆ပေရှိကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၏ ဗဟိုချက်မတွင် တည် ရှိကြောင်း သိရသည်။

အဆိုပါတောင်တန်း၏ အနီး ၀န်းကျင်တွင် မြတ်စွာဘုရား၏ဓာတ်တော်၊ မွေတော်များဌာပနာသော သမိုင်းဝင်စေတီ တော်များတည်ရှိကာ ဤဘဲငါးရာတောင် ပေါ်တွင် ဘဲများ နေထိုင် ကျက်စား ခဲ့ဖူးကြောင်း၊ ယင်းကိုအစွဲပြု၍ဘဲငါးရာတောင်ဟုအမည် တွင်လာခြင်းဖြစ်ကြောင်းသိရသည်။ ရှေး ရခိုင်ဘုရင်များသည် စစ်ရှုံး၍ ဘေးလွတ်ရာ သို့ထွက်ပြေးသောအခါ ၎င်းင်းတို့သယ်ဆောင် နိုင်သော အဖိုးတန် ရတနာပစ္စည်းများ ပါတစ် ပါတည်းသယ်၍ ဘေးလွတ်ရာသို့ပြေးလေ့ရှိ သည်ဟု ဆိုသည်။

အေဒီ ၆၃၈ခုနှစ်တွင် နတ် ရွာစံ သောဝေသာလီခေတ်စန္ဒြားမင်းဆက် ကိုးဆက်မြောက် စူလစန္ဒြားမင်း နတ်ရွာစံစဉ် မိဖုရားကြီးစန္ဒာဒေ၀ီ၏သားတော်သက် မင်း ငအောင်လာမှ ထွက်ပြေးတိမ်းရှောင်စဉ်ပါ လာသော နန်းစဉ်ရတနာရွှေ၊ ငွေကျောက် သံပတ္တမြားတို့ကို ရန်သူ၏လက်မှလွတ်ကင်း စေရန် ဘဲငါးရာ တောင်ထိပ်ရှိ အနောက် တောင်ဘက်တွင် ယန္တရားအစီအမံများဖြင့် တွင်းတူးကာ မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ ရတနာသိုက် မပျက်စီးမဆုံးရှုံးရအောင် ဘဲငါးရာရှင်မနှင့် နတ်ကောင်း နတ်မြတ်တို့အား ကူညီစောင့် ရှောက်ပေးတော်မူပါဟု တိုင်တည်ကာ အဓိ ဋ္ဌာန်ပြုထားခဲ့သည်ဟု ဆိုသည်။

အဆိုပါရတနာသိုက်အား မက် မောသော ပုဂံမင်းစောမွန်နစ်မှာစုံစမ်းရှာ ဖွေရင်း စမ်းမတွိမြို့ကို တိုက်ခိုက်ခဲ့ပြန်သည်။ ဘုရင်သက်မင်းငအောင်လာသည်လည်း မြှုပ် နှံထားခဲ့သည့်ရတနာတို့ကို မယူနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်၌ပင် နတ်ရွာစံခဲ့သည်ဟု ဆိုသည်။

(စမ်းမတွိ-ကုလားတန်မြစ် လက်တက်တစ်ခုဖြစ်သော စမ်းမတွိချောင်း၊ ထိုနေရာတွင် နန်းမြို့ တည်ခဲ့ခြင်းဖြစ်သည်) ပုဂံမင်း ဘုရင် စောမွန်နစ်မှာလည်း အဆိုပါ ရွှေ၊ ငွေ၊ ရတနာများကို ရှာမတွေ့ခဲ့ဘဲ နောက်ပြန်လှည့်သွားခဲ့ရသည်ဟုဆိုသည်။

ဘဲငါးရာတောင်တွင် ရတနာ သိုက်ရှိသည်ဟု လူအများသိရှိလာသည့် အခါသိုက်တူးသမားများ မကြာခဏ လာ ရောက်ခဲ့ကြပြီး ရတနာသိုက်ရယူရန် ကြိုး စားခဲ့ကြသော်လည်း အကြောင်းတစ်ခုခု ကြောင့် အစီအစဉ်ပျက်သွားတတ်သည်ဟု ဘဲငါးရာတောင်မှ ရှေးလူကြီးများက ပြော ကြသည်။

ထို့ပြင် ဘဲငါးရာတောင်ရိပ်ထိုး သော ပတ်ဝန်းကျင်ကျေးရွာဒေသများတွင် ဘဲမွေးကာ စားသောက်ခြင်း၊ ဘဲဥစားခြင်း မရှိရဆိုသည့် အယူအဆမှာ ၎င်းင်းဒေသရှိ ရှေးဘိုးဘေးစဉ်ဆက်ကပင် ယုံကြည်ကျင့် သုံးလာခဲ့ကြသည်မှာ ဤတောင်၏ထူးခြား ချက်ပင်ဖြစ်ကြောင်းသိရသည်။ ယင်းတောင် တွင် နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့ည ၌ အတ္တလောက၊ ပရလောက သားတို့လာ ရောက်ဆေးပေါင်းလေ့ ရှိသည်ဟု ဒေသခံ များက ယုံကြည်နေကြဆဲပင်ဖြစ်သည်။

''ပြီးခဲ့တဲ့ငါးလလောက်က ဖလား ၀ါးနယူးစ်ဂျာနယ်မှာ အခန်းဆက်ပါခဲ့တဲ့ ဦးထွန်းကျော်ရီ(စစ်တွေ)ရဲ့ ဆောင်းပါးကို ဖတ်ပြီး နှစ်ပတ်အတွင်းမှာပဲ ဒီရှေးဟောင်း ရတနာတွေ မြှုပ်နှံထားတဲ့နေရာကို ရှာခဲ့ တယ်။ အဲဒီနှစ်ပတ်အတွင်းမှာပဲ ရှာတွေ့ခဲ့ တာပါ။ အဲဒီနောက်ပိုင်း သတင်းထုတ်ပြန် ဖို့ တော်တော် လေး စဉ်းစားနေခဲ့ရတယ်။ မတော်လောဘသမားတွေနဲ့ မသမာသူတွေ သိသွားမှာ စိုးတယ်။ သမိုင်းဝင်လဲ ဖြစ်တာ ကြောင့် အစိုးရခွင့်ပြုချက်နဲ့မှ တူးခွင့်ရမှာ မို့လို့ပေါ့'' ဟု ဦးစိုးသိန်းက ဆက်လက်ပြော ပြခဲ့သည်။ အထက်ဖော်ပြပါသတင်းဆောင်း ပါးအား ဦးထွန်းကျော်ရီ(စစ်တွေ)၏ ဖလား ၀ါးနယူးစ် ဂျာနယ်အတွဲ(၆)၊ အမှတ်-၄၉နှင့် ၅၀တို့တွင် နှစ်ပတ်ဆက်တိုက်ဆောင်းပါး အဖြစ်ဖော်ပြခဲ့သည့် ကုလားတန်မြစ်အနောက် ဘက်ကမ်းမှ သမိုင်းဝင်ဘဲငါးရာတောင်နှင့် ထူးခြားသောဖြစ်ရပ်များေ ဆာင်းပါးအား ကိုးကား၍ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါ သည်။


Source: narinjara

ချင်းမိုင် (မဇ္ဈိမ) ။       ။ ကုလသမဂ္ဂနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုသော မြန်မာအစိုးရသစ် ဆန္ဒရှိသည်နှင့် အညီ မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလသံတမန်သစ်ကို “သတ်မှတ်ထားသောအချိန်” တွင် ခန့်အပ်နိုင်တော့မည်ဟု ကုလ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်က ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ပိုင်းဖြတ်ပြီး ဖြစ်သည့်အတွက် နောက်ထပ် အချိန်ပြည့် သံတမန်တဦး ခန့်အပ်သွားမည်ဟု နယူးယောက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျင်းပခဲ့သော
 မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်ဟု ဆိုသည်။

အစားထိုးခန့်အပ်မည့် သံတမန်သစ်နှင့် စပ်လျဉ်း၍ မဇ္ဈိမက မေးမြန်းရာ မစ္စတာဘန်၏ လက်ထောက်ပြောခွင့်ရ ဖာရန်ဟတ်က ‘‘ အစိုးရသစ်က ကုလသမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ပါမယ်လို့ ပိုင်းဖြတ်ချက် ရှိထားတဲ့အတွက် အထူးအကြံပေးပုဂ္ဂိုလ်ကို “သတ်မှတ်ထားသော အချိန်” တွင် ခန့်အပ်ရန် ရှိပါကြောင်း မြန်မာ့မိတ်ဆွေအဖွဲ့ဝင်
 နိုင်ငံများကို အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါသည်’’ ဟု အီးမေးလ်ဖြင့် ဖြေကြားခဲ့သည်။

မစ္စတာဘန်၏ လက်ထောက်အရာရှိချုပ် ဗီဂျေးနမ်ဘီးယားက မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် အဖြစ် ၁၈ လကြာ ယာယီ ထမ်းဆောင်ခဲ့သည်။ ဤရာထူးတွင် လူစားထိုးရန်ရှိပြီး၊ လူအပြောင်းအလဲ ရှိလိမ့်မည်ဟု ကုလသတင်း ရပ်ကွက်များက ဆိုသည်။

အိန္ဒိယအကြီးတန်း သံတမန်ဖြစ်ခဲ့သူ မစ္စတာနမ်ဗီးယား မကြာသေးခင်က မြန်မာပြည်လာစဉ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သံတမန်သစ် တဦး ခန့်အပ်စေလိုကြောင်း သူ့ကို ပြောခဲ့သည်။ “ဖြစ်နိုင်သမျှ အမြန်ဆုံး” အချိန်ပြည့် သံတမန်တဦး ခန့်အပ်ရန် မတ်လ ၄ ရက်နေ့တွင် လွတ်လပ်သော အာရှအသံ RFA ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုခဲ့သည်။

‘‘မြန်မာနိုင်ငံ အခြေအနေကို စောင့်ကြည့် အကဲခတ်ဖို့ တာဝန်သိတဲ့ ပုဂ္ဂိုလ်တဦးကို အချိန်ပြည့် ခန့်အပ်ပေးမယ်ဆိုရင် အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံ အခြေအနေကို အတိအကျ သိရှိနေမှာပါ’’ ဟု သူက ပြောခဲ့သည်။

အလားတူ တောင်းဆိုမှုမျိုးကို ၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင် ဗြိတိသျှနှင့် မက္ကဆီကန် ကိုယ်စားလှယ်များက ကုလ လုံခြုံရေးကောင်စီ၌ ပြောခဲ့သေးသော်လည်း မစ္စတာနမ်ဘီးယားနေရာ အစားထိုး ခန့်အပ်မည့်သူကို မစ္စတာဘန်က မကြေညာနိုင်သေးဘဲ ဖြစ်နေသည်။ သူ၏ မြန်မာ့အရေးအပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက မစ္စတာနမ်ဗီးယားကို ဆက်လက် ဝေဖန်နေခဲ့သည်။

မြန်မာခရီးစဉ်အပြီး တင်ပြသော အစီရင်ခံစာ၌ ပါရှိသည့် သုံးသပ်ချက်နှင့် ကောက်ချက်များကို လူ့အခွင့်အရေးအဖွဲ့ HRW အမှုဆောင် ဒါရိုက်တာ ကက်နက်ရော့သ်က တွစ်တာအသုံးပြု၍ ကြေညာချက်ထုတ်ကာ ကန့်ကွက်ခဲ့သည်။ ဘန်ကီမွန်း၏ ယုံကြည်စိတ်ချရသော မဟာမိတ်ကြီးဖြစ်သူ နမ်ဗီးယားသည် “စစ်ရာဇဝတ်မှုများ ရုံးတင်စစ်ဆေးရေးကို လျစ်လျူရှုခဲ့သည်” ဟု ရှုတ်ချ ပြောဆိုခဲ့သည်။

VOA နှင့် မတ်လအတွင်း ပြုလုပ်ခဲ့သော မေးမြန်းခန်းတခုတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ထားရာတွင် “တာဝန်သိသူ” တဦးကို ခန့်ထားရန် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ခြင်းမှာ မစ္စတာနမ်ဗီးယားအရင် တာဝန်ယူခဲ့သူ မစ္စတာအီဘရာဟင် ဂမ်ဘာရီကို အနည်းဆုံး တကြိမ်တွေ့ဆုံရန် ငြင်းပယ်ခဲ့ဖူးခြင်းကို ရည်ညွှန်းလိုပုံလည်း ရသည်။ သူ အကျယ်ချုပ် ကျနေစဉ် မစ္စတာဂမ်ဘာရီမှာ မစ္စတာဘန်၏ အထူးသံတမန်အဖြစ် ဆောင်ရွက်ခဲ့သည်။

အိုဂိုနီပြည်သူများ ရှင်သန်ရေး လှုပ်ရှားမှု Movement for the Survival of the Ogoni People (MOSOP) ၏ ခေါင်းဆောင်နှင့်  ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ Ken Saro Wiwa နှင့် လုပ်ဖော်ကိုင်ဘက် ၈ ဦးကို “ လူသတ်ရန် လှုံ့ဆော်မှု” ဖြင့် ၁၉၉၅ ခုနှစ်တွင် ကွပ်မျက်ခဲ့စဉ်က မစ္စတာဂမ်ဘာရီသည် အာဏာရှင် အဘာချာ၏ ကုလဆိုင်ရာ နိုင်ဂျီးရီးယား သံအမတ်ကြီးအဖြစ် ရှိနေခဲ့သည်။

ထိုကိစ္စအတွက် ကာကွယ်ပြောဆိုခဲ့သည်ကို လူအများ မှတ်မိနေကြသည်။ MOSOP အဖွဲ့ဝင် အဆိုပါ ၉ ဦးကို သတ်ဖြတ်ခဲ့သဖြင့် နိုင်ငံတကာက ဝိုင်းဝန်း ကန့်ကွက်နေစဉ် ဂမ်ဘာရီက ထိုသူများကို “သာမန်ရာဇဝတ်သားများ” သာ ဖြစ်သည်ဟု ကာကွယ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှာ ဒုတိယသက်တမ်းအတွက် ဝင်အရွေးခံမည် ဖြစ်ကြောင်း နယူးယောက်ရှိ ကုလဌာနချုပ်တွင် ဇွန်လ ၆ ရက်နေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သူသည် အတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၇ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ခဲ့ပြီး သူ၏ သက်တမ်းသည် ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်။ သူနှင့် ယှဉ်ပြိုင်ဘက်မရှိ၍ ကုလလုံခြုံရေးကောင်စီအနေဖြင့် ဇွန်လမကုန်ဆုံးမီ အတည်ပြုချက်ပေးဖွယ် ရှိသည်ဟု သံတမန်များက ပြောသည်။

Source: mizzima

-------------
မောင်ရမ္မာ
-------------
ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်း နယ်တွင် ရခိုင် လက်နက်ကိုင် အဖွဲ့တစ်ခုမှ မာရမာလူမျိုး သားဖ နှစ်ယောက်အား ယခုလ ၇ ရက်နေ့က ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာ တစ်စောင်က ရေးသား ဖေါ်ပြသည်။


paper images
ဇွန်လ ၁၁ ရက်နေ့က ဘင်္ဂါလီ ဘာသာဖြင့် ထုတ်ဝေ သော “ဖေးယားနယူး” သတင်းစာက ပြန်ပေး ဆွဲသွားသော အဖွဲ့မှာ DPA ခေါ် ဒီမိုကရက်တစ်ပါတီ (ရခိုင်ပြည်) ဖြစ်သည်ဟု စွပ်စွဲ ရေးသား ဖေါ်ပြသည်။

အဆိုပါ သတင်းစာတွင် ရေးသားထားခြင်းနှင့် ပတ်သက်ပြီး DPA ဥက္ကဌ ဦးသိန်းဖေအား ဆက်သွယ်မေးမြန်းရာသူက ယခုကဲ့သို့ ပြောသည်။

“ နယ်စပ်ကို ဆက်သွယ်ရတာ အခက်အခဲ ရှိတယ်။ နယ်စပ်က ဆက်သွယ်မှ ငါတို့က စကားပြောလို့ ရတယ်။ ငါတို့က ဆက်သွယ်လို့ သူတို့ကို မရဘူး။ ကာယံကံရှင်နဲ့ တိုက်ရိုက် အဆက်အသွယ် ရဖို့လိုတယ်။ အခုက အတိအကျ မသိရတဲ့ အတွက် မပြောနိုင်သေးဘူး။ အကယ်၍ လုပ်ခဲ့သည် ရှိသော် အဲဒါဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အလုပ်လို့ဘဲလို့ ခံယူပါတယ်။ အတိကျ သတင်းမရဘဲ သွားပြောလို့မရ ဖြစ်နေတယ်။ အဲဒါကြောင့် အထောက်အထားတွေ အတိအကျ လိုနေတယ်။”

၎င်းပြင် ယခုရေးသားချက်သည် သူတို့ ပါတီအပေါ် မတရား စွပ်စွဲခြင်း ဖြစ်နိုင်ချေရှိကြောင်း သူအနေနှင့် သံသယရှိသည်ဟု ယခုကဲ့သို့ ပြောသည်။

“ အခု ဖြစ်ရပ်ဟာ အတိအကျ ဟုတ်လား မဟုတ်လား၊ လုပ်ကြံမှုလား၊ တကယ်လုပ်တဲ့ လူတွေက ငါဟာ ဘယ်သူဖြစ်တယ်ဆိုပြီး နာမည်တွေကို ထုတ်ဖေါ်ပြောဆိုတာတွေ ရှိလား၊ အဲဒါတွေကို သံယဖြစ်စရာ ရှိနေပါတယ်။ DPA ကို အသုံးချပြီးတော့ နိုင်ငံရေးသမား အချင်းချင်း မနာလိုမှုတွေ ဖြစ်လို့ တိုက်တာ ခိုက်တာတွေလည်း ရှိတတ်တယ်။ တကယ်လို့ ဖြစ်ခဲ့သည်ရှိသော် ဘာကြောင့် ဒါကို လုပ်သလဲ၊ နိုင်ငံရေးအရ၊ လူမျိုးရေးအရ ပါတီအရ သိက္ခာကျတဲ့အလုပ်ဆိုပြီးတော့ ဝေဖန် ထောက်ပြဖို့ လိုပါတယ်” ဟု ပြောသည်။

ယခု ပြန်ပေးဆွဲခံရသူများမှာ စစ်တကောင်း တောင်တန်းနယ် ရန်ဂါမတီ (သက်ထောင်) ခရိုင် ဘိုင်လာဆိုးရီမြို့နယ် ဖာရ၀ါယူနီယံ၊ ဆာဆိုလာကျေးရွာမှ ကလဘာရီ သာထွီးဦး (၅၁)နှစ်နှင့် ညီဖြစ်သူ မွှီးပန်းအောင် (၃၉) နှစ်တို့ဖြစ်သည်။

ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းကို ကျေးရွာသား တစ်ဦးကလည်း သတင်းဌာနများသို့ ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ခေါ်ဆောင်သွားတာကတော့ ဇွန်လ ၇ ရက်နေ့ ညနေ ၃ နာရီလောက်မှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ရောက်လာပြီးတော့ ကလာဘာရီ ဦးသာထွီးဦးနဲ့ သူ့ရဲ့ညီ မွှီးပန်းအောင်တို့ကို ခေါ်ဆောင်သွားပါတယ်။ တနာရီလောက် အကြာမှာတော့ ညီဖြစ်သူ ဦးမွှီးပန်းအောင်ကို ပြန်လွှတ် ပေးလိုက်ပြီးတော့ သူ့အစ်ကို ကလာဘာရီကို ခေါ်ထား လိုက်ပါတယ်။ ဘယ်အဖွဲ့ကဆိုတော့ ကျွန်တော်လည်း အတိအကျ မသိပါ”ဟု ပြောသည်။

မိသားစုမှ ဦးသာထွီးဦးကို ပြန်ပေးငွေ တာကာငွေ ၄၀၀၀၀ ပေးပြီး ပြန်ရွေးရန် လက်နက်ကိုင် အဖွဲ့သို့ အကြောင်းကြားထားသော်လည်း ပြန်ပေး အဖွဲ့မှ လက်မခံဘဲ တာကာငွေ (၃)သိန်း (ကျပ်ငွေနှင့် ဆိုလျှင် သိန်း ၃၀ ခန့်) ပေးရမည်ဟု ကြောင်းပြန်ထားကြောင်း သိရသည်။

“ အခုတော့ ကလာ ဘာရီကို ဘယ်နေရာမှာ ထားတယ်၊ ဘယ်နေရာ ငွေပေးရမယ်။ ဘယ်နေ့ နောက်ဆုံးလည်း ဆိုတာကို မိသားစုဝင်တွေက အဆက်အသွယ် မရဘဲ ဖြစ်နေတဲ့ အတွက် မသိရတာကြောင့် သူ့အတွက် အထူး စိုးရိမ်နေကြပါတယ်” ဟု သူက ပြောသည်။

ပြန်ပေးဆွဲခံရသူ ဦးသာထွီးဦးမှာ လွန်ခဲ့သော ၂၀၀၄ ခုနှစ်ကတကြိမ် ပြန်ပေးဆွဲခံခဲ့ရကြောင်း သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် စစ်တကာင်း တောင်တန်းနယ်တွင် ဒေသအတွင်းမှ လက်နက်ကိုင် အဖွဲ့များမှလည်း မကြာခဏ ပြန်ပေးဆွဲလေ့ရှိပြီး တစ်ချို့ ပြန်ပေးဆွဲမူများကို ရခိုင်လက်နက်ကိုင် အဖွဲ့များအဖြစ် အမည်ခံကာ ပုံမှားရိုက် ကျူးလွန်လေ့ရှိကြောင်း နယ်စပ်က လာသော သတင်းများ အရ သိရသည်။

Source: narinjara

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းက ပင်လယ်ပြင်ကို မှီပြီး စားသောက်နေကြတဲ့ ကျွန်းသာယာ၊ ကွမ်းချောင်းစတဲ့ ကျွန်းတွေက ကျေးရွာတွေမှာ ထမင်းနပ်မှန်အောင် မစားရတဲ့ မိသားစုတွေ အထူး များပြားနေတယ်လို့ သတင်းတွေ ရရှိပါတယ်။ ဒါကြောင့် လေလေးဒဏ်ကို အဓိက ခံခဲ့ရတဲ့ ပြင်ဝန်း ကျေးရွာက ဒေသခံ တစ်ဦးကို ဖုံးကတဆင့် ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ သူက အခုလို ပြောပြပါတယ်။


women-worker
မေး။ ။ ဂီရိမုန်တိုင်း အဓိက တိုက်ခတ်ခံခဲ့ရတဲ့ မြေပုံမြို့နယ် ကျွန်းသာယာ၊ ပြင်ဝန်းတို့မှာ လူတွေတော်တော် အခက်ခဲ ဖြစ်နေတယ်လို့ ကြားရပါတယ်။ ဘယ်လို အခက်ခဲများ ဖြစ်နေတာပါလဲ။

ဖြေ။ ။ ပြင်ဝန်းမှာ ပင်လယ်ကို မှီပြီး စားနေရတဲ့ လူတိုင်းလိုလိုက အခက်အခဲ တွေ့နေရပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ပိုက်တွေ၊ လှေတွေ၊ ငါးဖမ်းဘုတ်တွေ ပြန်ဝယ်နေရလို့ စားရေး သောက်ရေးက အခက်ခဲဖြစ်နေပါတယ်။ အခုဆို အခြေအနေက ပိုဆိုးနေပါတယ်။

မေး။ ။ ထမင်းကို နပ်မှန်အောင် မစားရတဲ့သူတွေရှိတယ်လို့ ကြားရပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒီမှာက ရာသီဥတု မကောင်းတော့ အလုပ်ပုံမှန် မရှိတဲ့သူတွေ ထမင်း နပ်မှန်အောင် မစားနိုင်တဲ့ သူတွေ ရှိပါတယ်။ ပင်လယ်ကို မှီပြီးစားနေရတယ်ဆိုတော့ ရာသီဥတု ဆိုးရွားတဲ့ အတွက် အခုချိန်မှာ အခက်ခဲတွေ့နေကြပါတယ်။

မေး။ ။ မိုးတွေတအားရွာတဲ့ မိုးတွင်းရောက်ရင် အခြေအနေက ဘယ်လို ဖြစ်မယ်လို့ ယူဆမိပါလဲ။

ဖြေ။ ။ အဲဒီ အချိန်ရောက်ရင် ရှိတာလေးတွေ ရောင်းပြီး စားရမှာပါ။ မရှိတဲ့သူတွေကတော့ အငတ်နေရမှာပါ။ အဲလိုမျိုးဘဲ ဖြစ်နေမယ် ထင်ပါတယ်။

မေး။ ။ အစိုးရ အဖွဲ့စည်းတွေနဲ့ NGO တွေ အကူညီမပေးတာက ဘယ်လောက်ကြာပါပြီးလဲ။ ဘာကြောင့် သူတို့က မကူညီတာပါလဲ။

ဖြေ။ ။ အစိုးရ အဖွဲ့စည်းတွေနဲ့ NGO တွေ အကူညီမပေးတာက ဆန်တွေစားစရာတွေမပေးတာ ကြာပါပြီ။ ၂ လ ၃လ လောက် ကြာပါပြီ။ ဘာကြောင့် အကူအညီမပေးဘူးဆိုတာ ကျွန်တော်တို့ မသိပါ။

မေး။ ။ အဲဒီဒေသက လူတွေက တခြားဒေသတွေကို အလုပ် လုပ်ကိုင်ဖိုက ထွက်ခွာသွားတယ်လို့ ကြားရပါတယ်။ အဲဒါတွေက ဟုတ်မှန်ပါလား။

ဖြေ။ ။ ဒီမှာ အလုပ်မရှိလို့ အဆင်မပြေဘူးဆိုပြီး ကချင်ပြည်နဲ့ အခြား ဒေသတွေကို အလုပ်လုပ်ဖို့ ထွက်သွားတဲ့သူတွေရှိပါတယ်။ အဲဒီမှာလည်း အဆင်မပြေဘူး၊ အလုပ်ဒဏ်တွေကို မခံနိုင်လို့ ဆိုပြီး ပြန်လာတဲ့သူတွေလည်း ရှိပါတယ်။

မေး။ ။ အဲဒီဒေသ တခုလုံးရဲ့ ပြည်သူလူထု အနေထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အခုအနေထားက ရာသီဥတုက ဖောက်နေတော့ မိုးရွာတဲ့အတွက် ပိုက်သည်တွေ(ရေလုပ်သား) ငါးဖမ်းမထွက်နိုင်ကြဘူး။ ရေလုပ်ငန်းကို အားထားပြီး အသက်မွေးဝမ်းကြောင်း ပြုတဲ့အတွက် အခုချိန်မှာ အကုန်လုံး အခက်ခဲ ဖြစ်နေကြပါတယ်။

မေး။ ။ ဒီနှစ် ရာသီ ဥတု အခြေအနေက ဘယ်လို ရှိပါလဲ။

ဖြေ။ ။ လေပြင်းတွေလည်း အမြဲတမ်းတိုက်တယ်။ မိုးတွေလည်း တအားကြီးတယ်။ ပင်လယ်ပြင်မှာလည်း လှိုင်းကြီးတယ်။ လေတိုက်တာတွေကလည်း မုန်တိုင်းငယ်တိုက်သလို ပြင်းပါတယ်။

မေး။ ။ အခုလည်း မိုးရွာနေတုန်းလား ခင်ဗျာ။

ဖြေ။ ။ ဒီနေ့တော့ နေသာနေပါတယ်။ ခါတိုင်းနေ့တွေကတော့ မိုးတွေရွာပြီး မုန်တိုင်းငယ်လို လေပြင်းတွေ တိုက်ပါတယ်။

မေး။ ။ အဲဒီမှာ လယ်သမားတွေအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒီဒေသမှာက လယ်မြေတွေနည်းပါတယ်။ လယ်သမားတွေလည်း နည်းပါတယ်။ ပင်လယ်ကို မှီပြီး ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။ အဲဒါကြောင်း အခြားနယ်က ဆန်တွေစပါးတွေကို ဈေးကြီးပေးပြီး ဝယ်စားရပါတယ်။

မေး။ ။ ကလေးတွေကျောင်းပညာရေးအခြေအနေက ဘယ်လို ရှိပါလဲ ခင်ဗျာ။

ဖြေ။ ။ ကလေးတွေ ကျောင်းပညာရေး အခြေအနေကတော့ မိဘတွေက မရှိ၊ ရှိတာလေးတွေ ရောင်းပြီး ကျောင်းထားရပါတယ်။ လုံးဝ မတတ်နိုင်တဲ့ ကလေးတွေဆိုရင်တော့ ကျောင်းမနေရပါဘူး။ စားသောက်ဖို့ မတတ်နိုင်တဲ့ အခြေအနေမှာ သားသမီးတွေကို ကျောင်းမထားနိုင်ကြပါဘူး။ ကျောင်းမနေနိုင်တဲ့ ကလေးတွေ တော်တော်များများရှိပါတယ်။

မေး။ ။ ဂီရိမုန်းတိုင်းဒဏ်ကို ခံခဲ့ရတဲ့ ကျေးရွာတွေထဲမှာ အဆိုးရွားဆုံး ဖြစ်နေတဲ့ ကျေးရွာတွေက ဘယ်ကျေးရွာတွေဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ပြင်ဝန်း၊ အုန်းချောင်း၊ ကျွန်းချောင်းဒေသက လူတွေမှာ အလုပ်ကိုင် မရှိလို့ ထမင်းငတ်တဲ့သူတွေလည်း ငတ်နေကြပါပြီ။ ဒီမှာက ရေလုပ်ငန်း အဆင်ပြေမှ အကုန်လုံး အဆင်ပြေကြတာပါ။ အဓိက ရေလုပ်ငန်းအဆင်ပြေမှ ဒီဒေသက လူတွေ အကုန်လုံး အဆင်ပြေပါတယ်။ မိုးရာသီမှာ ဆိုရင် ပိုက်လုပ်ငန်းလည်း လုပ်လို့ မရဖြစ်နေတဲ့ အတွက် လူတွေအကုန်လုံး ထမင်းငတ်မည့် အခြေအနေမှာ ရှိပါတယ်။

(ပြီး) 


  Source: narinjara

"အမျိုးသီလနှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့် အန္တတ္တသညာခေါ်အပ်ရာတည်း"

ရခိုင်သမိုင်းစာပေများကိုအောက်တွင်ကြည့်နိုင်ပါသည်

 

မြန်မာ ပြက္ခဒိန်

ARRC Activities


ARRC ၏ လှုပ်ရှားမှုမှတ်တမ်း
ARCS Calendar

ARRC မှ ထုတ်ပြန်သော သတင်းစဉ်

ARRC News June,1 july 1, 2011

ARRC မှ ကွန်ပျူတာသင်တန်းများ

arakan

နောက်ဆုံးတင် ပို့စ်များ